AP; Aug-10 (Wed)
အမေရိကန်နိုင်ငံသည် လတ်ဗီးယားနိုင်ငံကဲ့သို့ ဘောလ်တစ်နိုင်ငံများနှင့် စစ်ရေးလေ့ကျင့်ခန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ဩဂုတ်လ ၁၀ ရက်တွင် ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်သည် လတ်ဗီးယားနိုင်ငံသို့ ဩဂုတ်လ ၉ ရက်မှ ၁၀ ရက်အထိ ၂ ရက်ကြာ သွားရောက်ခဲ့ပြီး လတ်ဗီးယားသမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အထက်ပါပြောကြားချက်ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ ဘောလ်တစ်နိုင်ငံများအနေဖြင့် ရုရှား၏ မည်သည့် ခြိမ်းခြောက် မှုမျိုးမဆို ခုခံကာကွယ်နိုင်ရေးအတွက် ဒေသတွင်းလုံခြုံရေးကိုတိုးမြှင့်ရန် လိုအပ်ပါက အမေရိကန်မှတပ်ဖွဲ့ဝင်များအား ထပ်မံစေလွှတ်ပေးမည်ဖြစ်ကြောင်း အော်စတင်က ပြောကြားခဲ့ပါသည်။
အော်စတင်သည် ဆယ်စုနှစ် ၃ ခုအတွင်း လတ်ဗီးယားနိုင်ငံသို့ သွားရောက်သည့် ပထမဆုံးသော အမေရိကန်ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး ရုရှား၏အနောက်ဘက်အစွန် တွင်ရှိသော ဘောလ်တစ်နိုင်ငံများ၏ အရေးပါမှုအား အလေးထားပြောကြားခဲ့ပါသည်။ ထို့ကြောင့် ယူကရိန်းအပေါ် ရုရှား၏စစ်ရေးအရ တိုက်ခိုက်မှုကဲ့သို့ ဘောလ်တစ်နိုင်ငံ များအနေဖြင့်လည်း ရုရှား၏သားကောင်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း အော်စတင်က ပြောကြားခဲ့ပါသည်။ အမေရိကန်တပ်ဖွဲ့များအနေဖြင့် ဘောလ်တစ်ပင်လယ်ဒေသတွင် အလှည့်ကျတပ်ဖြန့်ချထားမှုများ ဆက်လက်ပြုလုပ်ရန်အတွက် ရိုမေးနီးယားနှင့် အခြားသောဥရောပနိုင်ငံများတွင်ရှိသော အမေရိကန်စစ်ဘက်တပ်ဖွဲ့များအား ခေါ်ယူ အသုံးပြုသွားနိုင်ဖွယ်ရှိကြောင်း လတ်ဗီးယားကာကွယ်ရေးဝန်ကြီး အာတစ်ပါဘရစ် (Artis Pabriks)နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခု၌ အော်စတင်က ပြောကြားခဲ့ပါသည်။ လတ်ဗီးယားနိုင်ငံအား ကာကွယ်ရန်အတွက် ၎င်း၏တပ်ဖွဲ့ဝင်များအနေဖြင့် နေ့စဉ် လေ့ကျင့်မှုများ လုပ်ဆောင်ရန်နှင့် အမေရိကန်စစ်ဘက်အကူအညီများ လိုအပ်လျက်ရှိ ကြောင်း ပါဘရစ်ကပြောကြားခဲ့ပါသည်။ ထို့ပြင် လတ်ဗီးယားနိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးနှင့် ကမ်းရိုးတန်းကာကွယ်ရေးများ တိုးမြှင့်ရန်နှင့်စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန်အတွက် အမေရိကန်မှ ကူညီထောက်ပံ့မှုများ ထပ်မံလိုအပ်လျက်ရှိသည်ဟု ပါဘရစ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ဘောလ်တစ်နိုင်ငံများဖြစ်သော လတ်ဗီးယား၊ အက်စတိုးနီးယားနှင့် လစ်သူ ရေးနီးယားနိုင်ငံတို့သည် ဝင်ငွေမြင့်မားသည့် စီးပွားရေးရှိသော နိုင်ငံများအဖြစ် ကမ္ဘာ့ ဘဏ်က သတ်မှတ်ထားရှိပါသည်။ ယခုအခါ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) သည် လတ်ဗီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ရုရှား၏ ခြိမ်းခြောက်မှုများ မြင့်တက်လာပါက လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လတ်ဗီးယားနိုင်ငံသည် ရုရှားနိုင်ငံ၏ အနောက်ဘက် အစွန်တွင်ရှိပြီး မဟာဗျူဟာအရ အရေးပါလျက်ရှိသောနိုင်ငံတစ်ခုဖြစ်ပါသည်။ ရုရှားသည် ယူကရိန်းအပေါ် စစ်ရေးအရတိုက်ခိုက်မှုကဲ့သို့ ဘောလ်တစ်နိုင်ငံများအပေါ်တွင်လည်း စစ်ရေးအရ ခြိမ်းခြောက်လာမည်ကို အမေရိကန်က စိုးရိမ်ပူပန်လျက်ရှိပါသည်။ ထို့ကြောင့် အမေရိကန်သည် ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံအတွက် စစ်ရေးဆိုင်ရာကူညီထောက်ပံ့မှုများ ပိုမိုပေးအပ်သွားမည်ဟု ကတိပြုပြောကြားခဲ့ပါသည်။ အလားတူ ရုရှားနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် လတ်ဗီးယား၊ အက်စတိုးနီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့ သည်လည်း ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ၎င်းတို့နိုင်ငံများ၏ လုံခြုံရေးအပေါ် စိုးရိမ်လျက်ရှိခြင်းကြောင့် ၎င်းတို့နိုင်ငံများတွင် NATO စစ်အင်အားတိုးချဲ့ရန်အတွက် တွန်းအားပေးလျက်ရှိပါသည်။ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေသည် ရုရှား-ယူကရိန်း ပဋိပက္ခ၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းများ အပါအဝင် အဘက်ဘက်မှဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ယခုအခါတွင်လည်း ဘောလ်တစ်နိုင်ငံများအား ရုရှား၏ ဖိအားပေးခြိမ်းခြောက်မခံရစေရေးအတွက် NATO အပါအဝင် အမေရိကန်နိုင်ငံမှ စစ်ရေးဆိုင်ရာကူညီထောက်ပံ့မှုများ ပိုမိုပေးအပ်လာနိုင် ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment