The defense post; Aug-10 (Wed)
ယူကရိန်းစစ်ဘက်သည် တူကီယဲနိုင်ငံထံမှ Kirpi အမည်ရှိ သံချပ်ကာယာဉ် ၅၀ စီးကို လက်ခံရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံပိုင် Ukrinform သတင်းဌာနက ထုတ်ပြန်ထားသည်ဟု The defense post သတင်းဌာနက ဩဂုတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အထက်ပါ Kirpi သံချပ်ကာယာဉ် လက်ခံရရှိမှုသည် ယူကရိန်းစစ်သည် များအပေါ် ထောက်ပံ့ပေးမည်ဟူသော ပြည်ပမိတ်ဖက်နိုင်ငံများ၏ ကတိကဝတ်ကို ပေါ်လွင်စေကြောင်း၊ ကမ္ဘာ့နိုင်ငံများက လက်ရှိ ရုရှား-ယူကရိန်းပဋိပက္ခတွင် ယူကရိန်း နိုင်ငံအား အနိုင်ရရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် ပေးပို့ခြင်းဖြစ်သည်ဟုလည်း ယူကရိန်း စစ်ဘက်က ဆက်လက်ထုတ်ပြန်ထားပါသည်။
Kirpi သံချပ်ကာယာဉ်တွင် ၃၆၀ ဒီဂရီလှည့်၍ ပစ်ခတ်နိုင်သည့် စွမ်းအားမြင့် စစ်သေနတ်၊ ယာဉ်အတွင်း အပြန်အလှန်ဆက်သွယ်ရေးစနစ်၊ ပစ်ခတ်မှုတည်နေရာ ခြေရာခံစနစ်နှင့် အလိုအလျောက်မီးငြိမ်းသတ်စနစ်တို့ တပ်ဆင်ထားသည့်အပြင် စစ်ဘက်တပ်ဖွဲ့ဝင် ၁၂ ဦးအထိ လိုက်ပါစီးနင်းနိုင်ကြောင်း ယူကရိန်းလွှတ်တော်အမတ် ယူရီမိုင်ဆိုင်ဟင် (Yuriy Mysiahin) က ပြောကြားခဲ့ပါသည်။ ထို့ပြင် Kirpi သံချပ်ကာ ယာဉ်သည် သံချပ်ကာဖောက်ကျည်များ၊ မိုင်းများနှင့် အခြားဖောက်ခွဲရေးပစ္စည်းများကို အဆင့်မြင့်ကာကွယ်နိုင်စွမ်းရှိသည့် 4×4 သံချပ်ကာယာဉ်အမျိုးအစားဖြစ်ပါသည်။ Kirpi သံချပ်ကာယာဉ်သည် M2HB စက်သေနတ်၊ MK19 အတွဲလိုက်ဗုံးပစ်လောင်ချာနှင့် အဝေးထိန်းလက်နက်စနစ်များ တပ်ဆင်အသုံးပြုနိုင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (၆၂ မိုင်)အထိ မောင်းနှင်နိုင်သည့် သံချပ်ကာယာဉ်ဖြစ်ကြောင်း Thedefensepost သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment