Sunday, August 14, 2022

ရုရှားသည် ဟန်ဂေရီနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ထပ်မံပေးပို့လျက်ရှိခြင်း

Rferl; Aug-13 (Sat)

ရုရှားနိုင်ငံပိုင် Gazprom သဘာဝဓာတ်ငွေ့ကုမ္ပဏီသည် ဟန်ဂေရီနိုင်ငံသို့ ဓာတ်ငွေ့များ ထပ်မံတင်ပို့နေပြီဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်သူ တာမတ်စ်မန့်ဇာ (Tamas Menczer) က ဩဂုတ်လ ၁၃ ရက်တွင် ပြောကြား ခဲ့ပါသည်။ ရုရှားနိုင်ငံနှင့်ပြုလုပ်သည့် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲအတွင်း ရရှိခဲ့သော သဘောတူညီချက်အရ Gazprom ကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ ဓာတ်ငွေ့များ ထပ်မံ တင်ပို့လာခြင်းဖြစ်ကြောင်း ၎င်းကပြောကြားထားပါသည်။ လက်ရှိဓာတ်ငွေ့တင်ပို့မှုကို TurkStream ပိုက်လိုင်းမှတစ်ဆင့် ဆောင်ရွက်နေပြီး တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂.၆ သန်းအထိ ပေးပို့နေကြောင်းနှင့် ဓာတ်ငွေ့တင်ပို့မှုကို ဩဂုတ်လ လကုန်ပိုင်း အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန့်ဇာ က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် လာမည့်စက်တင်ဘာလအတွင်း ရုရှားနိုင်ငံမှ ဓာတ်ငွေ့ထပ်မံပေးပို့ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ပြောကြားထားပါသည်။

ဥရောပသမဂ္ဂသည် ဩဂုတ်လ ၁ ရက်မှ မတ်လ ၃၁ ရက်အတွင်း ၎င်းတို့၏ သဘာဝဓာတ်ငွေ့သုံးစွဲမှုကို ၁၅ ရာခိုင်နှုန်းအထိလျှော့ချရန် မျှော်မှန်းထားသော ဥရောပ နိုင်ငံများ၏အစီအစဉ်ကို ပြီးခဲ့သည့်လအတွင်း အတည်ပြုပေးခဲ့ပါသည်။ အဆိုပါအစီအစဉ် သည် ရုရှားနိုင်ငံ၏ ဓာတ်ငွေ့ကဏ္ဍအပေါ် မှီခိုအားထားနေရမှုကို အတတ်နိုင်ဆုံးရပ်တန့် နိုင်ရေးအတွက် ဥရောပသမဂ္ဂမှ ချမှတ်ထားသည့်အစီအစဉ်ဖြစ်ပါသည်။ ဥရောပသမဂ္ဂသည် ၎င်းအစီအစဉ်ကို တစ်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့သော် ရုရှားဓာတ်ငွေ့ကဏ္ဍအပေါ် မှီခိုနေရသည့် ဟန်ဂေရီနိုင်ငံကမူ ၎င်းတို့နိုင်ငံအား ခြွင်းချက်အချို့ထားရှိပေးရန် တောင်းဆိုခဲ့ကြောင်း Rferl သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment