Tuesday, August 2, 2022

အမေရိကန်အောက်လွှတ်တော်အမတ် ဂျာဆွန်ခရော (Jason Crow) နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့အား သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံခြင်း

တူကီယဲသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ အိုင်ဘရာဟင်ကာလင် (Ibrahim Kalin) သည် အမေရိကန်အောက်လွှတ်တော်အမတ် ဂျာဆွန်ခရော (Jason Crow) နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့အား မြို့တော်အန်ကာရာ (Ankara) ရှိ သမ္မတအိမ်တော်၌ ဩဂုတ်လ ၂ ရက်တွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း yenisafak သတင်း ဌာနက ဩဂုတ်လ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် NATO ၏ မဟာဗျူဟာမြောက်ဆက်ဆံရေးများအပါအဝင် နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၊ အဆိုပါစစ်ရေးပဋိက္ခနှင့်စပ်လျဉ်းသည့် ယူကရိန်း ကောက်ပဲသီးနှံတင်ပို့မှုသဘောတူညီချက်၊ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်အရေးကိစ္စများ၊ ရွှေ့ပြောင်းအခြေချနေထိုင်မှုများ၊ အာမေးနီးယားနှင့် တူကီယဲ၏ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်မှုလုပ်ငန်းစဉ်၊ ဆွီဒင်နှင့် ဖင်လန်တို့၏ NATO အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ကြိုးပမ်းလာမှုများ၊ အေဂျီယံ (Aegean) ပင်လယ်နှင့် အရှေ့မြေထဲပင်လယ် အရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment