Monday, August 1, 2022

ဘူလ်ဂေးရီးယားတွင် အိမ်စောင့်အစိုးရမှ အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များအား လွှဲပြောင်းယူခဲ့ခြင်း

Xinhua; Aug-2(Tue)

ဝန်ကြီးချုပ် ဂလားဒိုးနက်ဖ် (Galab Donev) ဦးဆောင်သော ဘူလ်ဂေးရီးယား အိမ်စောင့်အစိုးရသည် ဩဂုတ်လ ၂ ရက်တွင် အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များအား လွှဲပြောင်းယူခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အစိုးရသစ်သည် ငွေကြေးဖောင်းပွမှုနှင့် ဆင်းရဲမွဲတေမှုနှုန်းမြင့်တက်လာမှု လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှု၊ ဆောင်းရာသီအတွက် ဓာတ်ငွေ့ရှားပါးမှုတို့နှင့်အတူ ခက်ခဲသော အချိန်တွင် တာဝန်လွှဲပြောင်းယူခဲ့ရကြောင်း ဘူလ်ဂေးရီးယားသမ္မတ ရူမင်ရာဒေ့ဗ် (Rumen Radev) က ၎င်း၏လုပ်ငန်းတာဝန်များနှင့် ဦးစားပေးအစီအစဉ်များကို ကြေညာစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။ အိမ်စောင့်အစိုးရ၏ အဓိကတာဝန်မှာ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် ယခင်အိမ်စောင့်အစိုးရ အဖွဲ့ ၃ ဖွဲ့က ပြုလုပ်ခဲ့သည့်အတိုင်း ဝန်ကြီးချုပ် ဂလားဒိုးနက်ဖ်၏ အစိုးရသည်လည်း ၎င်းတို့၏ လုပ်ငန်းတာဝန်များကိုအောင်မြင်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သမ္မတ ရူမင်ရာဒေ့ဗ်က ပြောကြားခဲ့ပါသည်။

၎င်းတို့၏ အစိုးရအဖွဲ့သည် ဘူလ်ဂေးရီးယားနိုင်ငံ၏ အကြိမ် ၁၀၀ မြောက် ခန့်အပ်ခြင်းခံရသည့် အစိုးရဖြစ်ကြောင်းလည်း ဂလားဒိုးနက်ဖ်က ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် ဂလားဒိုးနက်ဖ်၏ လက်ထောက်ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများသည် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး၊ နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကျပ်အတည်းများနှင့် နိုင်ငံရေးတင်းမာမှုများကို ဖြေရှင်းနိုင်ရေးအတွက် ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဂလားဒိုးနက်ဖ်က ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်ဟောင်း ကီရီလ်ပတ်ကော့ဗ် (Kiril Petkov) ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် လွှတ်တော်၌ အယုံအကြည်မရှိအဆိုတင်သွင်းခြင်းခံခဲ့ရပြီး ၎င်း အဆိုအား လွှတ်တော်၌ ဇွန်လ ၂၂ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ၎င်းအားတောင်းခံမှုမှာ နည်းသဖြင့် ရှုံးနိမ့်ခဲ့ရပြီး ပတ်ကော့ဗ်အနေဖြင့် အစိုးရသစ်ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိသည့်အတွက် ဝန်ကြီးချုပ် ဂလားဒိုးနက်ဖ် ဦးဆောင်သည့် အိမ်စောင့်အစိုးရအား ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment