Monday, September 5, 2022

ဆားဘီးယားဝန်ကြီးချုပ်သည် ကိုဆိုဗိုမြောက်ပိုင်းသို့ သွားရောက်ခဲ့ခြင်း

Digitaljournal;Sep-5(Mon)

              ဆားဘီးယားဝန်ကြီးချုပ် အန်နာဘာနဘစ် (Ana Brnabic) သည် စက်တင်ဘာလ ၅ ရက်တွင် ကိုဆိုဗိုမြောက်ပိုင်းသို့ သွားရောက်ခဲ့ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုတို့ သည် ၎င်းတို့၏နိုင်ငံသားများကို လွတ်လပ်စွာသွားလာခွင့်ပြုမည့် အထင်ကရအစီအစဉ် တစ်ရပ်ကို လက်မှတ်ရေးထိုးပြီး တစ်ပတ်ကျော်အကြာတွင် ဝန်ကြီးချုပ် အန်နာဘာ နဘစ်၏ အဆိုပါခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ လူမျိုးရေးကွဲပြားမှုများရှိသော ကိုဆိုဗိုရှိ မစ်ထရောဗီကာ (Mitrovica) မြို့မှ ဒေသခံဆာ့ဘ်လူမျိုး ၁,၀၀၀ ဦးခန့်သည် ဝန်ကြီးချုပ် ဘာနဘစ်အား ကြိုဆိုသည့်အနေဖြင့် ခရီးစဉ်အားထောက်ခံသော စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆားဘီးယားအလံများကိုဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ပါသည်။

              ကိုဆိုဗိုရှိ ယာယီအဖွဲ့အစည်းများသည် ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ရေရှည်ပုံမှန်ဆက်ဆံမှုပြန်လည်ရရှိရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်းဖြင့် စစ်မှန်သော ကတိကဝတ်များရရှိလာစေရန် မျှော်လင့်ကြောင်းနှင့် အဆိုပါလုပ်ဆောင်မှုများသည် ဥရောပပေါင်းစည်းမှုအတွက်သာမကဘဲ  နိုင်ငံအတွက် လိုအပ်သောကိစ္စရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘာနဘစ်က သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ရန် ၂၀၁၂ ခုနှစ်မှစ၍ ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်သော်လည်း ဆားဘီးယားနှင့် ကိုဆိုဗိုအကြား ပုံမှန်ဆက်ဆံရေး တစ်ရပ်ပြန်လည်ရရှိမှသာ အဖွဲ့ဝင်ဖြစ်လာနိုင်ရန် အခွင့်အလမ်းရှိမည်ဆိုသည့်အချက် အပေါ် မူတည်နေသဖြင့် ပညာရှင်အများစုက သံသယများဖြစ်ပေါ်လျက်ရှိပါသည်။ ဝန်ကြီးချုပ် ဘာနဘစ်၏ ကိုဆိုဗိုသို့ရောက်ရှိမည့် တစ်ရက်တာခရီးစဉ်အတွင်း ပညာရေး ဆိုင်ရာအဆောက်အအုံများအပါအဝင် ဆားဘီးယားရှေးရိုးခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ သွားရောက်မည်ဖြစ်ကာ ဒေသခံလယ်သမားများနှင့်တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်း သိရှိရ ပါသည်။  

 

No comments:

Post a Comment