Anadolu Agency;Sep-12(Mon)
ဂရိနိုင်ငံတွင်းလူငယ်များ၏ အစိုးရအပေါ်ဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် မစ်ဆိုတားကစ်အစိုးရ ပြုတ်ကျနိုင်ဖွယ်ရှိသည်ဟု အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သော SYRIZA-PS ပါတီမှ ခေါင်းဆောင် အလက်ဇစ်ဆီဖရာ (Alexis Tsipras) က ပြောကြားခဲ့ ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံ၊ မြို့တော် အေသင် (Athen) တွင် ကျင်းပပြုလုပ်သော လူငယ်ဖျော်ဖြေရေး ပွဲတော်၌ မိန့်ခွန်းပြောကြားခဲ့စဉ်အတွင်း ဆီဖရာက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) ဦးဆောင်သော အစိုးရအဖွဲ့၏ ဒီမိုကရေစီစနစ်၊ လွတ်လပ်ခွင့်နှင့် မတူကွဲပြားမှုများအကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူများအပေါ်တွင် ဖိနှိပ်မှုများသည် ၎င်းတို့အားထောက်ခံသည့် လူနည်းစုအတွက်သာ အကျိုးစီးပွားဖြစ်ထွန်းစေပြီး ပြည်သူလူထုအများစုအတွက်မူ မျှော်လင့်ချက်ကင်းမဲ့စေလျက်ရှိကြောင်း ဆီဖရာက ပြောကြားခဲ့ပါသည်။
မစ်ဆိုတားကစ်အစိုးရသည် ၎င်းတို့အားလိုလားသော သတင်းမီဒီယာများကိုသာ ကူညီထောက်ပံ့ပေးပြီး အစိုးရအပေါ်ဆန့်ကျင်သော သတင်းထောက်များအား ခြိမ်းခြောက် ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများပြုလုပ်၍ သတင်းအမှောင်ချရန် ကြိုးပမ်းလျက်ရှိ ကြောင်း ဆီဖရာက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် မစ်ဆိုတားကစ်သည် ၎င်း၏ အာဏာတည်မြဲရေးအတွက် မဟုတ်မမှန်သောနည်းလမ်းများကိုအသုံးပြုလျက်ရှိပြီး ၎င်းအား ထောက်ခံအားပေးခဲ့သည့် ပုဂ္ဂိုလ်များအတွက်သာ အကျိုးစီးပွားဖြစ်ထွန်းခဲ့ကြောင်းနှင့် ဂရိနိုင်ငံအနေဖြင့် အာဏာရှင်မဆန်သောဝန်ကြီးချုပ်သာ လိုအပ်လျက်ရှိကြောင်း ဆီဖရာက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment