Anadolu Agency; Sep-7(Wed)
NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော အယ်လ်ဘေးနီးယားနိုင်ငံအပေါ် အီရန် နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ကြောင်းနှင့် အီရန်အပေါ် နောက်ထပ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ အေထရီအန်ဝပ်ဆွန်း (Adrienne Watson) က စက်တင်ဘာလ ၇ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုကြောင့် အယ်လ်ဘေးနီးယားနိုင်ငံသည် အီရန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ရန် စက်တင်ဘာလ ၇ ရက်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်၏ အထက်ပါထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ ဆိုက်ဘာတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အီရန်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများလုပ်ဆောင်ရန် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi RAMA) ၏ တောင်းဆိုမှုသည် အမေရိကန်နှင့် ထပ်တူကျကြောင်းနှင့် အမေရိကန်အနေဖြင့် မဟာမိတ် နိုင်ငံများ၏ လုံခြုံရေးကိုခြိမ်းခြောက်သော အီရန်၏ချိုးဖောက်မှုအတွက် တာဝန်ယူမှုရှိစေရန် ဆောင်ရွက်သွားမည့်အပြင် ဆိုက်ဘာရပ်ဝန်းအတွက် စံနှုန်းတစ်ခုချမှတ်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
ဆိုက်ဘာတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး အယ်လ်ဘေးနီးယားအစိုးရ၏ သတင်းအချက်အလက်များကို ဖျက်ဆီးခဲ့သည့် အပြင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း နှောင့်ယှက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အယ်လ်ဘေးနီးယားအစိုးရအနေဖြင့် သတင်းအချက်အလက်များ ပြန်လည် ရယူရန်နှင့် စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်းမှုများတွင် အမေရိကန်အနေဖြင့် သီတင်းပတ် များစွာ အတူလက်တွဲလုပ်ကိုင်လျက်ရှိကြောင်း ဝပ်ဆွန်းက အလေးပေးပြောကြားခဲ့ပါသည်။ အမေရိကန်အနေဖြင့် အယ်လ်ဘေးနီးယားနိုင်ငံ၏ ကာလရှည်ပြန်လည်ကုစားရေး ကြိုးပမ်းမှုများတွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆိုက်ဘာလုံခြုံမှုကဏ္ဍများအပြင် အနာဂတ်ဒစ်ဂျစ်တယ် ကဏ္ဍများကို တည်ဆောက်ရာတွင် မိတ်ဖက်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဝပ်ဆွန်းက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment