Sunday, October 16, 2022

စပိန်၊ ဆလိုဗေးနီးယားနှင့် ပေါ်တူဂီတို့သည် နျူကလီးယားကာကွယ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်း


The Defense Post; Oct-17 (Mon)

စပိန်၊ ဆလိုဗေးနီးယားနှင့် ပေါ်တူဂီနိုင်ငံတို့မှ စစ်ဘက်တပ်ဖွဲ့များသည် ဓာတု၊ ဇီဝဗေဒ၊ ဓာတ်ရောင်ခြည်နှင့် နျူကလီးယားဆိုင်ရာခြိမ်းခြောက်မှုများအား တုံ့ပြန်ရာတွင် တိုးတက်မှုရှိစေရေးအတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း The Defense Post သတင်းဌာနက အောက်တိုဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ Celulex 22 ဟု အမည်ပေးထားသော ၅ ရက်ကြာပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ပေါ်တူဂီ နိုင်ငံ၊ မြို့တော် လစ်စဘွန်းရှိ လက်နက်သင်တန်းကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၂၅၀ ကျော် ပါဝင်လေ့ကျင့်ခဲ့ခြင်းဖြစ်ပါသည်။ လေ့ကျင့်ခန်းပါဝင်သူများသည် အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်၍ အဆောက်အဦ အတွင်း/အပြင်လေ့ကျင့်ရေးနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၎င်းတို့သည် ထိခိုက် ဒဏ်ရာရသူများနှင့် သေဆုံးသူများအား သယ်ယူပို့ဆောင်ပေးခြင်းနှင့် ဇီဝဗေဒဆိုင်ရာ ခြိမ်းခြောက်မှု၊ အန္တရာယ်ထိခိုက်ခံရဖွယ်ရှိသော တိရစ္ဆာန်များကို စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။

ထို့ပြင် စစ်ဘက်တပ်ဖွဲ့ဝင်များသည် သွားလာရခက်ခဲသောနေရာများကို စက်ရုပ်များအသုံးပြု၍ စစ်ဆေးခြင်းကိုလည်း လုပ်ဆောင်ခဲ့ပါသည်။ ရုရှားသည် ယူကရိန်း စစ်ရေးပဋိပက္ခတွင် သမားရိုးကျလက်နက်များကိုသာ အသုံးပြုပါက ယူကရိန်းကို အနိုင်ယူရန်မဖြစ်နိုင်ကြောင်း ရုရှားလွှတ်တော်အမတ် ယူဂျယ်နီဖက်ဒရာ (Yevgeny Fedorov) က အကြံပြုပြီးနောက် အထက်ပါ ၃ နိုင်ငံ၏ ပူးတွဲလေ့ကျင့်ခန်း ဖြစ်ပေါ် လာခြင်းဖြစ်ပါသည်။ ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံ၏မဟာမိတ်ဖြစ်သော NATO တပ်ဖွဲ့ဝင်များနှင့် စစ်ရေးပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ပြီး မိမိတို့ထက် NATO အဖွဲ့၏ စစ်ဘက်အရင်းအမြစ်များမှာ များစွာပိုမိုကြောင်း ဖက်ဒရာက ပြောကြားခဲ့ပါသည်။ ဖက်ဒရာသည် အမေရိကန်နိုင်ငံ၏ နီဗားဒါး (Nevada) နျူကလီးယားစမ်းသပ်နေရာအား ပဲ့ထိန်းဒုံးကျည်ဖြင့် အတိအကျတိုက်ခိုက်စေလိုခဲ့ကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment