Anadolu Agency; Oct-18 (Tue)
ဂရိအာဏာပိုင်များသည် ရွှေ့ပြောင်းနေထိုင်သူများနှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများကို တူကီယဲသို့တရားမဝင်ပြန်ပို့ရန် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာဥပဒေကို ချိုးဖောက်နေပြီး ဥရောပသမဂ္ဂကလည်း ၎င်းနှင့် အတူ လိုက်ပါဆောင်ရွက်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်ရေးအဖွဲ့၏ ဥရောပမီဒီယာဒါရိုက်တာ အန်ဒရူစထရိုဟင် (Andrew Stroehlein) က အောက်တိုဘာလ ၁၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံသည် တရားမဝင်သည့်လုပ်ရပ်များ၊ အကြမ်းဖက်မှုများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ခိုလှုံခွင့် တောင်းသူများကို ဖိအားပေးနှင်ထုတ်သည့်လုပ်ရပ်များကို မကြာခဏလုပ်ဆောင်နေ ကြောင်း ဥရောပလိမ်လည်မှုတိုက်ဖျက်ရေးရုံး၏ OLAF အစီရင်ခံစာတွင် ဖော်ပြထား ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသောသတင်းများသည် ယခုနှစ် အစောပိုင်းအတွင်း EU ခေါင်းဆောင်များအကြား ပျံ့နှံ့လာခဲ့သော OLAF အစီရင်ခံစာ ဆိုင်ရာသတင်းဟောင်းများဖြစ်သည်ဟု ၎င်းတို့ကပြောကြားနိုင်ဖွယ်ရှိကြောင်း ၎င်းအစီ ရင်ခံစာပါပြစ်မှုများကြောင့်ပင် ဥရောပနယ်စပ်နှင့်ကမ်းခြေစောင့်အေဂျင်စီ (European Border and Coast Guard Agency-Frontex) ဒါရိုက်တာ ဖာဘရီစီလက်ဂျီရီ (Fabrice Leggeri) အနေဖြင့် ယခုနှစ်အစောပိုင်းတွင် ရာထူးမှနုတ်ထွက်ခဲ့ရကြောင်း စထရိုဟင် က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ရွှေ့ပြောင်းဒုက္ခသည်များအားလုံးသည် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခွင့်ရှိပြီး ယင်းအခွင့်အရေးကို ပေးအပ်သင့်သည်ဟုလည်း စထရိုဟင်က အလေးပေးပြောကြား ခဲ့ပါသည်။ ဂရိကမ်းခြေစောင့်တပ်ဖွဲ့နှင့် Frontex တို့လုပ်ဆောင်ခဲ့သည့် ရွှေ့ပြောင်း ဒုက္ခသည်များအား ဖိအားပေးနှင်ထုတ်သည့်လုပ်ရပ်များကို ၂၀၂၀ ပြည့်နှစ်ကတည်းကပင် မီဒီယာများက ထုတ်ဖော်ရေးသားခဲ့ကြပါသည်။ တူကီယဲနှင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့် အရေးအဖွဲ့များသည် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများအား ဖိအားပေးနှင်ထုတ်သည့် ဂရိ၏တရားမဝင်ဆောင်ရွက်ချက်များကို အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ရွှေ့ပြောင်းသွားလာမှုများအပေါ် အသက်အန္တရာယ် ဖြစ်စေသည့် ဆောင်ရွက်ချက်များသည် လူသားချင်းစာနာထောက်ထားမှုတန်ဖိုးများနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့များသည် Frontex လည်ပတ်နေသည့် ဥရောပသမဂ္ဂနယ်စပ် များတွင် အခြားသောလူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများကိုလည်း မှတ်တမ်းတင်ထား ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများတွင်ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံအတွင်းငတ်မွတ်ခေါင်းပါးမှု နှင့် ဆင်းရဲမွဲတေမှုဒဏ်ကိုခံစားနေရသည့် ပြည်သူများသည် နေရပ်စွန့်ခွာပြီး ဥရောပ နိုင်ငံများသို့ရွှေ့ပြောင်းနေထိုင်မှုအခြေအနေများမှာ ကြီးမားစွာဖြစ်ပေါ်လာခဲ့ရာမှ ဥရောပ နိုင်ငံများအတွက် ပြဿနာတစ်ရပ်အဖြစ်သို့ရောက်ရှိလာခဲ့ပါသည်။ ဥရောပရွှေ့ပြောင်း နေထိုင်သူပြဿနာ၊ သို့မဟုတ် ဥရောပဒုက္ခသည်ပြဿနာဆိုသည်မှာ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများသည် ဥရောပသမဂ္ဂနယ်မြေအတွင်းသို့ မြေထဲပင်လယ်အား ဖြတ်၍လည်းကောင်း အရှေ့ဥရောပမှလည်းကောင်းဝင်ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ များပြားလာသောကြောင့်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ မြေထဲပင်လယ်အား ဖြတ်ကျော်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများအတွက် ဂရိနှင့် အီတလီနိုင်ငံတို့မှာ ပထမဆုံးဆိုက်ရောက်ရာနှင့် ခေတ္တနားခိုရာနေရာများဖြစ်ပါသည်။ သို့သော်လည်း ဂရိနိုင်ငံသည် နိုင်ငံအတွင်းသို့ရောက်ရှိလာသည့် ရွှေ့ပြောင်းဒုက္ခသည် များအပေါ် တရားမဝင်သည့်လုပ်ရပ်များ၊ အကြမ်းဖက်မှုများနှင့် ဖိအားပေးနှင်ထုတ်သည့် လုပ်ရပ်များကို မကြာခဏလုပ်ဆောင်နေကြောင်း ဥရောပ၏မသမာမှုတိုက်ဖျက်ရေးရုံး OLAF အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဥရောပနယ်စပ်နှင့်ကမ်းခြေစောင့်အေဂျင်စီ (Frontex) အပါအဝင် ဂရိကမ်းခြေစောင့်တပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့သည့် ရွှေ့ပြောင်း ဒုက္ခသည်များအား ဖိအားပေးနှင်ထုတ်သည့်လုပ်ရပ်များကို ၂၀၂၀ ပြည့်နှစ်ကတည်းကပင် မီဒီယာများက ထုတ်ဖော်ရေးသားခဲ့ကြပါသည်။ ရွှေ့ပြောင်းဒုက္ခသည်များအားလုံးသည် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခွင့်ရှိပြီး ယင်းအခွင့်အရေးကို ဂရိနိုင်ငံအနေဖြင့် ပေးအပ် သင့်သည်ဟု ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြား ထားပါသည်။ တူကီယဲနှင့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးအဖွဲ့များသည် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူများအား ဖိအားပေးနှင်ထုတ်သည့် ဂရိ၏ တရားမဝင်ဆောင်ရွက် ချက်များကို အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ရွှေ့ပြောင်းသွားလာသူများအပေါ် အသက်အန္တရာယ်ဖြစ်စေသည့် ဆောင်ရွက် ချက်များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တန်ဖိုးများနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား ဆက်ဆံရေးသည် သမိုင်းကြောင်းတစ်လျှောက် တင်းမာမှုများဖြစ်ပေါ်နေခြင်းနှင့်အတူ ရွှေ့ပြောင်းဒုက္ခသည်များအရေးနှင့် ပတ်သက်၍ လည်း အပြန်အလှန်စွပ်စွဲပြောကြားချက်များ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ရှိရင်းစွဲ တင်းမာမှုများကို ပိုမိုမြင့်တက်လာစေနိုင်ပြီး အနာဂတ်ကာလတွင် ထိပ်တိုက်တွေ့ဆုံမည့် အခြေအနေသို့ ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment