Wednesday, October 19, 2022

မော်လ်ဒိုဗာနိုင်ငံသည် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူရန် စီစဉ်လျက်ရှိခြင်း

DefenseNews; Oct-20(Thu)

ရုရှားနိုင်ငံသည် မကြာသေးမီက မော်လ်ဒိုဗာလေပိုင်နက်အား ချိုးဖောက်သည့် ကိစ္စရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းတို့နိုင်ငံအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး စနစ်သစ်များအား ဝယ်ယူရန်ရည်ရွယ်ထားကြောင်း မော်လ်ဒိုဗာကာကွယ်ရေးဝန်ကြီး အန်နာတိုလီနိုဆာတီ (Anatolie Nosatii) က ပြောကြားခဲ့သည်ဟု DefenseNews သတင်းဌာနက အောက်တိုဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်ရက်များ အတွင်း ရုရှားနိုင်ငံသည် ယူကရိန်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ဒုံးကျည် အများအပြားကို ပင်လယ်နက်မှပစ်လွှတ်ခဲ့ရာ အဆိုပါဒုံးကျည်များသည် မော်လ်ဒိုဗာ ပိုင်နက်ကို ဖြတ်ကျော်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်းလည်း နိုဆာတီက ပြောကြားခဲ့ပါသည်။ သာမန်အခြေအနေတစ်ခုတွင် နိုင်ငံ၏ပိုင်နက်နယ်မြေအား ဖြတ်ကျော်လာသည့် ဒုံးကျည်များ၊ သို့မဟုတ် လေယာဉ်များကို ကြားဖြတ်ဟန့်တားရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု IPN သတင်းဌာနက ဖော်ပြခဲ့ပါသည်။ မော်လ်ဒိုဗာသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏တောင်ပိုင်းသည် ယူကရိန်း ပင်လယ်နက်ကမ်းရိုးတန်းနှင့် နီးကပ်စွာတည်ရှိနေပါသည်။

မော်လ်ဒိုဗာအာဏာပိုင်များအနေဖြင့် နှစ်ရှည်ကာကွယ်ရေးဆိုင်ရာ လက်နက် ဝယ်ယူရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေမည့် ဥပဒေများအား အတည်ပြုရန် စီစဉ်နေကြောင်းလည်း နိုဆာတီက ပြောကြားခဲ့ပါသည်။ လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် စျေးကြီးသောကြောင့် အဆိုပါလက်နက်များကို ဝယ်ယူရာတွင် အနောက်အုပ်စုမိတ်ဖက်နိုင်ငံများက ကူညီပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ မော်လ်ဒိုဗာနှင့် ဂျာမနီနိုင်ငံတို့အကြား သဘောတူညီချက်အရ မော်လ်ဒိုဗာစစ်ဘက်သည် ၂၀၂၃ ခုနှစ်အစောပိုင်းကာလတွင် မောင်းသူမဲ့လေယာဉ်များနှင့် အခြားသောစစ်လက်နက်ပစ္စည်းများကို လက်ခံရရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ အထူးစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက် ခြင်းကြောင့် မော်လ်ဒိုဗာနိုင်ငံအပေါ် နောက်ထပ်ပစ်မှတ်ဖြစ်လာမည်ကိုလည်း မော်လ်ဒိုဗာ အစိုးရအရာရှိများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment