Thursday, October 20, 2022

ဥရောပသမဂ္ဂ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း


Xinhua;Oct-21(Fri)

ဥရောပသမဂ္ဂ (European Union-EU) နှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုထိခိုက်စေမည့် အဆိုပြုချက်အားလုံးကို ဟန်ဂေရီအစိုးရက ပယ်ချသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂ၏ အဆိုပြုချက် များသည် ဥရောပ-တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပျက်စီးသွားစေနိုင်မည့် အခြေအနေများဖြစ်ပေါ်နေပြီး ဥရောပ-တရုတ်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ အကြား ဆက်ဆံရေးပြတ်တောက်ခဲ့မည်ဆိုပါက ဥရောပအတွက် ပြင်းထန်သည့် စီးပွားရေးအကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း ဟန်ဂေရီဘက်ထရီညီလာခံ (Hungarian Battery Day Conference) ၏ ဒုတိယမြောက်နေ့အခမ်းအနားတွင် ၎င်းက တက်ရောက်လာသူများအား ပြောကြားခဲ့ပါသည်။

ဟန်ဂေရီအစိုးရအနေဖြင့် ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကျိုးပျက်စေမည့် အဆိုပြုချက်အားလုံးကို ပယ်ချသွားရန်ဆုံးဖြတ် ရခြင်းမှာ ဥရောပ၏ မော်တော်ယာဉ်လုပ်ငန်းများကို ဆိုးရွားစွာထိခိုက်နိုင်သောကြောင့် ဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့ပါသည်။ ဟန်ဂေရီသည် ကမ္ဘာပေါ်တွင် ဂျာမနီ၏ အကြီးဆုံးအဆင့်မြင့်ကားများထုတ်လုပ်သည့် ကုမ္ပဏီ ၃ ခုဖြစ်သည့် Audi ၊ BMW နှင့် Mercedes တို့၏ ထုတ်လုပ်မှုစက်ရုံများကို ဖွင့်လှစ်ထားသည့် နိုင်ငံ ၃ နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် တတိယမြောက် လျှပ်စစ်ဘက်ထရီထုတ်လုပ်မှု ပမာဏအများဆုံးနှင့် ပဉ္စမမြောက် ထုတ်ကုန်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း လည်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ကမ္ဘာ့ထိပ်တန်းလျှပ်စစ်ဘက်ထရီ ထုတ်လုပ်ရေးကုမ္ပဏီ ၆ ခုအနက် ၂ ခုသည် ဟန်ဂေရီတွင်ရှိနေပြီဖြစ်ကြောင်းနှင့် တရုတ် ဘက်ထရီကုမ္ပဏီ CATL သည်လည်း ဟန်ဂေရီတွင် ၎င်း၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုကို စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment