Wednesday, October 19, 2022

ဓာတုလက်နက်များအသုံးပြုခဲ့ခြင်းမရှိကြောင်း တူကီယဲစစ်ဘက်က ငြင်းဆိုချက် ထုတ်ပြန်ခဲ့ခြင်း



Xinhua;Oct-20(Thu)

မကြာသေးမီကပြုလုပ်ခဲ့သော အီရတ်နိုင်ငံမြောက်ပိုင်း စစ်ဆင်ရေးများအတွင်း၌ တူကီယဲစစ်ဘက်တပ်ဖွဲ့များအနေဖြင့် ကာ့ဒ်သူပုန် (PKK) အဖွဲ့မှ စွပ်စွဲပြောဆိုသကဲ့သို့ ဓာတုလက်နက်များအသုံးပြု၍ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း တူကီယဲ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၀ ရက်တွင် ငြင်းဆိုချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ၎င်းစွပ်စွဲချက်များမှာ အကြမ်းဖက်ဝါဒအားတိုက်ဖျက်လျက် ရှိသော တူကီယဲစစ်ဘက်အပေါ် ဂုဏ်သိက္ခာစွန်းထင်းစေရန်အတွက် ကာ့ဒ်သူပုန်အဖွဲ့မှ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်နေခြင်းပင်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့၏ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။ တူကီယဲ စစ်ဘက်အနေဖြင့် နိုင်ငံတကာဥပဒေနှင့် သဘောတူညီချက်တို့အရ ပိတ်ပင်တားမြစ် ထားသော စစ်လက်နက်များကို အသုံးပြုခြင်းမရှိကြောင်းနှင့် ၎င်းစစ်လက်နက်ပစ္စည်း အမျိုးအစားများကိုလည်း ပိုင်ဆိုင်ထားခြင်းမရှိကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။

တူကီယဲစစ်ဘက်တပ်ဖွဲ့များအနေဖြင့် အီရတ်နိုင်ငံမြောက်ပိုင်းအခြေစိုက် အကြမ်းဖက်အုပ်စုများ အထူးသဖြင့် ကာ့ဒ်သူပုန်များအဓိကအခြေစိုက်ရာ Qandil အမည်ရှိ တောင်ကုန်းအား မြေပြင်မှတိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းအပါအဝင် အမြောက်များဖြင့်ပစ်ခတ်ခြင်းတို့ကို ရံဖန်ရံခါလုပ်ဆောင်လျက်ရှိပါသည်။ တူကီယဲ စစ်ဘက်တပ်ဖွဲ့များသည် ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း ကာ့ဒ်သူပုန်များတည်ရှိရာ အီရတ်နိုင်ငံမြောက်ပိုင်းရှိ Avasin-Basyan ဒေသ၊ Zap ဒေသနှင့် Metina ဒေသတို့အား Claw-Lock အမည်ရှိ မြေပြင်နှင့်ဝေဟင်ဆိုင်ရာ နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့ပါသည်။ တူကီယဲ၊ အမေရိကန်အပါအဝင် ဥရောပသမဂ္ဂ (EU) တို့အနေဖြင့် တူကီယဲအစိုးရအား ဆယ်စုနှစ် ၃ ခုကျော်ကြာ ဆန့်ကျင်တိုက်ခိုက်လာသည့် ကာ့ဒ်သူပုန် များအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာထားသည်ဟု သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment