Monday, October 24, 2022

ပိုလန်သည် ကိုရီးယားစစ်လက်နက်ပစ္စည်းကုမ္ပဏီမှ တိုက်ပွဲဝင်တင့်ကားများ၊ ဟောင်ဝဇ်ဇာအမြောက်များကို ပထမဆုံးအကြိမ် လက်ခံရရှိခဲ့ခြင်း

 

The Defense Post; Oct-25(Tue)

             ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်ပွားမှုကြောင့် ပိုလန်နိုင်ငံသည် ၎င်း၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန်ရည်ရွယ်၍ တောင်ကိုရီးယားထံမှ အမေရိကန် ဒေါ်လာ ၅.၇၆ ဘီလီယံတန်ဖိုးရှိသည့် ပင်မတိုက်ပွဲဝင်တင့်ကားများနှင့် ယာဉ်တင် ဟောင်ဝဇ်ဇာများဝယ်ယူသည့် သဘောတူညီချက်ကို  ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူညီချက်လက်မှတ်ရေးထိုးပြီး ၂ လမပြည့်မီ အချိန်တွင် ကိုရီးယားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သော Hyundai Rotem နှင့် Hanwha Defense တို့သည် ၎င်းတို့၏ ပထမဆုံးတင့်ကားများနှင့် ယာဉ်တင် ဟောင်ဝဇ်ဇာများကို ပိုလန်သို့ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

         ပိုလန်အစိုးရသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ရုရှား-ယူကရိန်းတို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ ရုရှားနိုင်ငံ၏ စစ်ရေးတိုက်ခိုက်မှုများအား တုံ့ပြန် ကာကွယ်ဟန့်တားနိုင်ရေးအတွက် ပိုလန်တပ်မတော်၏ ကာကွယ်ရေးစွမ်းရည်များအား မြှင့်တင်ရန်ကြိုးပမ်းလျက်ရှိပါသည်။ အစိုးရအနေဖြင့် အဆိုပါအဆင့်မြှင့်တင်ရေးစီမံချက် အရ မဟာမိတ်နိုင်ငံများမှ ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအပါအဝင် တပ်ဖွဲ့ဝင်အင်အား ၁၂၀,၀၀၀ နီးပါးရှိ ပိုလန်တပ်မတော်အား အင်အား ၃၀၀,၀၀၀ အထိ တိုးချဲ့သွားရန်နှင့် ကာကွယ်ရေးအသုံးစရိတ်အား GDP ၏ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် ပိုလန်နိုင်ငံအနေဖြင့် ၎င်းစီမံချက်အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မဟာဗျူဟာမြောက်မိတ်ဖက် တောင်ကိုရီးယား နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅.၇၆ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရေး အတွက် သဘောတူညီချက်တစ်ရပ်ကို သြဂုတ်လ ၂၆ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ ထို့ပြင် ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် Korea Aerospace နှင့် Lockheed Martin ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသည့် FA-50 တိုက်လေယာဉ် ၁၂ စီး ဝယ်ယူရေးအတွက်လည်း ယခုနှစ်အတွင်း သဘောတူစာချုပ် ချုပ်ဆိုသွားရန် စီစဉ်ထား လျက်ရှိပါသည်။ သို့ဖြစ်ရာ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်ပွားနေစဉ် ပိုလန်နိုင်ငံ အနေဖြင့် ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းသည် ၎င်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်အား ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်သကဲ့သို့ ဒေသတွင်း ခြိမ်းခြောက်မှုအန္တရာယ်များအပေါ် တုံ့ပြန်ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ဖြစ် စေနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment