Defense News;Oct-25(Tue)
တူကီယဲနိုင်ငံအတွင်း ပထမဦးဆုံးပြည်တွင်းထုတ်ဖြစ်လာမည့် Alpin အမည်ရှိ မောင်းသူမဲ့ရဟတ်ယာဉ်အား ထုတ်လုပ်ရန်အတွက် တူကီယဲစက်မှုနည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် Titra အား တူကီယဲအစိုးရက ရွေးချယ်ခဲ့သည်ဟု Defense News သတင်းဌာနက အောက်တိုဘာလ ၂၅ ရက်တွင်ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံသည် စစ်လက်နက်ပစ္စည်းများနှင့်စပ်လျဉ်း၍ နိုင်ငံခြားထုတ်လုပ်သူ များအပေါ် မှီခိုအားထားရမှုကိုလျှော့ချရန်နှင့် နိုင်ငံအတွင်း စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ကိုယ်ပိုင်စွမ်းရည်မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ၁၉၉၈ ခုနှစ်မှစတင်ကာ အလေးထားလုပ်ဆောင်ခဲ့ပါသည်။ တူကီယဲနိုင်ငံ၏ အဓိက ရည်မှန်းချက်မှာ ခေတ်မီမျိုးဆက်သစ်စစ်လက်နက်ပစ္စည်းများကို ပြည်တွင်း၌သာထုတ်လုပ် နိုင်ရန်နှင့် ခေတ်မီစစ်ဘက်ဆိုင်ရာနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ပါ သည်။ အဆိုပါ ရည်မှန်းချက်နှင့်အညီ တူကီယဲနိုင်ငံသည် စစ်လက်နက်ပစ္စည်းများကို ပြည်တွင်း၌တီထွင်ထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး ၎င်းနိုင်ငံထုတ် စစ်လက်နက် ပစ္စည်းများကိုလည်း ၂၀၁၄ ခုနှစ်မှစ၍ ကမ္ဘာ့အနှံ့အပြားသို့ရောင်းချနိုင်သည်အထိ အောင်မြင်မှုများရရှိလာခဲ့ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် တူကီယဲထုတ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များသည် ၎င်းတို့၏စွမ်းဆောင်ရည်များကို ထုတ်ဖော် ပြသနိုင်ခဲ့သောကြောင့် ကမ္ဘာ့နိုင်ငံအများအပြားက ဝယ်ယူရန်စိတ်ဝင်စားလျက်ရှိပါသည်။ လက်ရှိတွင် တူကီယဲအစိုးရသည် ပြည်တွင်းထုတ် မောင်းသူမဲ့ရဟတ်ယာဉ်ထုတ်လုပ်ရန် အတွက် တူကီယဲစက်မှုနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Titra အား ရွေးချယ်ခဲ့ပါ သည်။ အထက်ပါ Alpin မောင်းသူမဲ့ရဟတ်ယာဉ်ကို တိုက်ခိုက်ရေးဆိုင်ရာစမ်းသပ်မှု များပြုလုပ်ပြီးပါက ချစ်ကြည်ရင်းနှီးမှုရှိသောနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ် ကြောင်း ဝယ်ယူရေးဆိုင်ရာအရာရှိတစ်ဦးက ပြောကြားထားသည်ကိုလည်း တွေ့ရှိရပါ သည်။ သို့ဖြစ်ရာ တူကီယဲနိုင်ငံအနေဖြင့် မောင်းသူမဲ့လေယာဉ်အခန်းကဏ္ဍသာမက မောင်းသူမဲ့ရဟတ်ယာဉ်ထုတ်လုပ်ရေးအခန်းကဏ္ဍတွင်လည်း ကမ္ဘာ့နိုင်ငံအများအပြားသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ၎င်း၏နိုင်ငံရေးဩဇာအာဏာကို ပိုမိုဖြန့်ကြက်နိုင်မည်ဖြစ်သောကြောင့် ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးကဏ္ဍကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment