Monday, October 24, 2022

ရိုမေးနီးယားနိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ်အား ဂျီဒီပီ၏ ၂.၅ ရာခိုင်နှုန်းခန့် တိုးမြှင့်သုံးစွဲသွားမည်ဟု ရိုမေးနီးယားသမ္မတက ပြောကြားခဲ့ခြင်း

 

Xinhua; Oct-25(Tue)

             ရိုမေးနီးယားနိုင်ငံသည် လာမည့် ၂၀၂၃ ခုနှစ်တွင် ၎င်းနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၂.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားရန် ရည်ရွယ်ထားကြောင်း ရိုမေးနီးယားသမ္မတ ကလော့စ်အိုဟန်နစ် (Klaus Iohannis) က အောက်တိုဘာလ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ တိုးမြှင့် ရခြင်းရည်ရွယ်ချက်မှာ ရိုမေနီးယားတပ်မတော်၏စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ရန် အတွက်ဖြစ်ကြောင်း သမ္မတ အိုဟန်နစ်က ရိုမေနီးယားတပ်မတော်နေ့အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက ကာကွယ်ရေးအသုံးစရိတ်အား ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရခြင်းသည် ရိုမေနီးယားတပ်မတော်၌ ခေတ်မီစစ်လက်နက် ပစ္စည်းများ ပိုမိုဝယ်ယူနိုင်စေရန်နှင့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းများနှင့် ကြိုတင် ပြင်ဆင်မှုများအတွက် လိုအပ်သောရန်ပုံငွေအား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

             ထို့ပြင် ရိုမေးနီးယားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်သည့် Army 2040 အစီအစဉ်အား အဆင့်မြှင့်တင်သွားမည့် စီမံချက် များကို ရိုမေးနီးယားအမျိုးသားကာကွယ်ရေးဆိုင်ရာအမြင့်ဆုံးကောင်စီ (CSAT) က အောက်တိုဘာလ ၂၅ ရက်တွင် အတည်ပြုခဲ့ပါသည်။ ကာကွယ်ရေးအသုံးစရိတ် GDP အချိုးကို ထပ်မံတိုးမြှင့်သွားမည့် အဆိုပြုချက်ကို ၂၀၂၂ မတ်လ ၁ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် CSAT အစည်းအဝေးတွင် သမ္မတလိုဟန်နစ်က ပထမဆုံးတင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ရိုမေနီးယားနိုင်ငံ၏ GDP သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၄.၀၉ ဘီလီယံရှိပြီး ၎င်းနိုင်ငံ၏စီးပွားရေးသည် ယခု ၂၀၂၂ ခုနှစ်တွင် ၄.၈ ရာခိုင်နှုန်းတိုးတက်လျက်ရှိပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ၃.၄ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။


No comments:

Post a Comment