Monday, October 10, 2022

ဩစတြီးယားအစိုးရသည် ဥရောပသမဂ္ဂအလုပ်အမှုဆောင်ကော်မရှင်အား တရားစွဲဆိုမှုပြုလုပ်ခဲ့ခြင်း

Fox News;Oct-10(Mon)

ဩစတြီးယားအစိုးရသည် သဘာဝဓာတ်ငွေ့နှင့် နျူကလီးယားစွမ်းအင်တို့ကို ရေရှည်ထိန်းသိမ်းထားနိုင်သော စွမ်းအင်အဖြစ်သတ်မှတ်ရန် ဥရောပသမဂ္ဂအလုပ် အမှုဆောင်ကော်မရှင်၏ စီစဉ်ထားရှိမှုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂထိပ်တန်းတရားရုံး၌ တရားဝင်တရားစွဲဆိုခဲ့ကြောင်း Fox News သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂအလုပ်အမှုဆောင်ကော်မရှင်သည် လာမည့်နှစ်တွင် သဘာဝဓာတ်ငွေ့နှင့် နျူကလီးယားစွမ်းအင်စက်ရုံများကို ရေရှည်ထိန်းသိမ်းထားနိုင်သော စီမံကိန်းများအဖြစ်သတ်မှတ်ကာ ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန် စီစဉ်ထားရှိခြင်းဖြစ် ပါသည်။ ယူကရိန်းနိုင်ငံမြောက်ပိုင်းရှိ ချာနိုဘိုင်း (Chernobyl) နျူကလီးယားစွမ်းအင် စက်ရုံပေါက်ကွဲမှုနှင့် ဆူနာမီဘေးဒဏ်သင့် ဖူကူရှီးမား (Fukushima) နျူကလီးယား ဓာတ်အားပေးစက်ရုံ၌ ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်ယိုစိမ့်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် နျူကလီးယားဓာတ်အားပေးစက်ရုံများသည် မခန့်မှန်းနိုင်သည့် အန္တရာယ်များရှိလာနိုင် ကြောင်း ဩစတြီးယားသဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး လီယိုနရီဂယ်ဝက်စ်လာ (Leonore Gewessler) က ပြောကြားခဲ့ပါသည်။

ထို့ပြင် တစ်ချိန်တည်း၌ပင် ရုပ်ကြွင်းလောင်စာဖြစ်သည့် သဘာဝဓာတ်ငွေ့ လောင်ကျွမ်းခြင်းမှတစ်ဆင့် လေထုထဲသို့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ပိုမိုတိုးမြင့်ကာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း လီယိုနရီဂယ်ဝက်စ်လာက ဆက်လက်ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် လူဇင်ဘတ် နိုင်ငံသည် တရားစွဲဆိုမှုဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ ဩစတြီးယားနိုင်ငံဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးဆိုင်ရာအကူအညီများကိုလည်း ပေးအပ်သွား မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment