Monday, October 10, 2022

ရုရှားနိုင်ငံမှ ရေနံစိမ်းများပို့ဆောင်ရန်အတွက် ဟန်ဂေရီနှင့် ဆားဘီးယားနိုင်ငံတို့ အကြား ပိုက်လိုင်းသစ်တစ်ခုတည်ဆောက်သွားမည်ဆိုခြင်း

Aljazeera;Oct-10(Mon)

ရုရှားနိုင်ငံမှ ရေနံစိမ်းများအား ဆားဘီးယားနိုင်ငံသို့ပို့ဆောင်နိုင်ရေးအတွက် ဟန်ဂေရီနှင့် ဆားဘီးယားနိုင်ငံတို့အကြား ပိုက်လိုင်းသစ်တစ်ခုတည်ဆောက်ရန် သဘော တူညီခဲ့ကြောင်း ဟန်ဂေရီအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်ဟု Aljazeera သတင်း ဌာနက အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိတွင် ဆားဘီးယား နိုင်ငံသည် ခရိုအေးရှားနိုင်ငံနှင့်ဆက်သွယ်ထားသော JANAF ရေနံပိုက်လိုင်းမှတစ်ဆင့် ရုရှားနိုင်ငံ၏ရေနံစိမ်းများကို လက်ခံရရှိလျက်ရှိပါသည်။ အဆိုပါအသစ်တည်ဆောက်မည့် ပိုက်လိုင်းသည် Friendship အမည်ရှိပိုက်လိုင်းနှင့် ချိတ်ဆက်တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် ဆားဘီးယားနိုင်ငံသို့ ရေနံစိမ်းများကို သက်သာသောနှုန်းထားဖြင့် ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဟန်ဂေရီအစိုးရပြောရေးဆိုခွင့်ရှိသူ ဇိုတန်ကိုဗက်စ် (Zoltan Kovacs) က ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထား ပါသည်။ Friendship ပိုက်လိုင်းသည် ယူကရိန်းနိုင်ငံမှ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံတို့သို့ ရေနံစိမ်းများတင်ပို့ပေးသည့် အဓိကအရင်းအမြစ်တစ်ခုဖြစ် ပါသည်။

ဆားဘီးယားနိုင်ငံသည် ၎င်းနိုင်ငံ၏ဓာတ်ငွေ့လိုအပ်ချက်အများစုကို ခရိုအေးရှား နိုင်ငံပိုက်လိုင်းများမှတစ်ဆင့် ဝယ်ယူရလျက်ရှိသော်လည်း ဥရောပသမဂ္ဂသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံအပေါ်ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုတစ်စိတ်တစ်ပိုင်း အရ ရုရှားနိုင်ငံ၏ရေနံစိမ်းတင်ပို့မှုအပေါ် ဈေးနှုန်းသတ်မှတ်ကန့်သတ်ချက်များကြောင့် ဆားဘီးယားနိုင်ငံအနေဖြင့် အနာဂတ်တွင် ခရိုအေးရှားနိုင်ငံမှ ဆက်လက်ဝယ်ယူရန် မဖြစ်နိုင်တော့ကြောင်း ဇိုတန်ကိုဗက်စ်က ပြောကြားခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံသည် ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏အရေးယူပိတ်ဆို့မှုများအား ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါ အရေးယူပိတ်ဆို့မှုများသည်လည်း အောင်မြင်မှုမရရှိကြောင်းနှင့် ဥရောပနိုင်ငံများအပေါ် ကြီးမားသည့်ထိခိုက်မှုများဖြစ်ပေါ်စေကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန် (Viktor Orban) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခအားအကြောင်းပြု၍ ဥရောပသမဂ္ဂနှင့် အမေရိကန် တို့သည် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရာတွင် စွမ်းအင်ဆိုင်ရာအရေးယူ ပိတ်ဆို့မှုသည်လည်း အပါအဝင်ဖြစ်ပါသည်။ ဥရောပနိုင်ငံအများစုသည် စွမ်းအင်လိုအပ်ချက် အများအပြားကို ရုရှားနိုင်ငံအပေါ် မှီခိုအားထားရလျက်ရှိသောကြောင့် စွမ်းအင်ဆိုင်ရာ အရေးယူပိတ်ဆို့မှုများချမှတ်ရာတွင် ဖြစ်ပေါ်လာသည့် စွမ်းအင်စရိတ်ကြီးမြင့်မှုများကြောင့် ၎င်းတို့အပေါ် ဆိုးရွားစွာထိခိုက်မှုများဖြစ်ပေါ်စေပါသည်။ ဆားဘီးယားနိုင်ငံသည် ရုရှားဓာတ်ငွေ့အပေါ် လုံးလုံးလျားလျားမှီခိုနေရပြီး ၎င်း၏ အဓိကစွမ်းအင်ကုမ္ပဏီများ မှာလည်း ရုရှားလူမျိုးအများစု၏ ပိုင်ဆိုင်မှုအောက်တွင်သာ ရှိနေပါသည်။ ထို့ပြင် ဆားဘီးယားနိုင်ငံသည် ခရိုအေးရှားနိုင်ငံနှင့်ဆက်သွယ်ထားသော JANAF ရေနံပိုက်လိုင်းမှ တစ်ဆင့် ရုရှားနိုင်ငံ၏ရေနံစိမ်းများကို လက်ခံရရှိလျက်ရှိပါသည်။ သို့သော် ဥရောပသမဂ္ဂ သည် ပြီးခဲ့သည့်သီတင်းပတ်တွင် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတစ်စိတ်တစ်ပိုင်း အဖြစ် ရုရှားနိုင်ငံ၏ ရေနံစိမ်းတင်ပို့မှုအပေါ် ဈေးနှုန်းသတ်မှတ်ချက်များ ကန့်သတ်ချမှတ် ခဲ့သောကြောင့် ဆားဘီးယားနိုင်ငံအနေဖြင့် အနာဂတ်တွင် ခရိုအေးရှားနိုင်ငံမှတစ်ဆင့် ရုရှားရေနံစိမ်းများဆက်လက်ဝယ်ယူရန် အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ ထို့ကြောင့် ဆားဘီးယားနိုင်ငံသည် ဈေးနှုန်းသက်သာသော ရေနံစိမ်းများဝယ်ယူရရှိနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ဟန်ဂေရီနိုင်ငံမှတစ်ဆင့် ရုရှားရေနံစိမ်းများ ဝယ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ၎င်းနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့အကြား ရုရှားရေနံစိမ်းများတင်ပို့နိုင်မည့် ပိုက်လိုင်းသစ်တစ်ခုတည်ဆောက်ရန် အစိုးရနှစ်ရပ်အကြား သဘောတူညီခဲ့ပါသည်။ ဆားဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ၎င်းနိုင်ငံအတွင်း မရှိမဖြစ် လိုအပ်သည့် စွမ်းအင်ဖူလုံရေးကိုသာဦးစားပေး၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိခြင်းကြောင့် အဆိုပါပိုက်လိုင်းသစ်အစီအစဉ်သည် ဆားဘီးယားနိုင်ငံ၏ စွမ်းအင် အကျပ်အတည်းကို လျှော့ချနိုင်မည်ဖြစ်သော်လည်း တစ်ဖက်တွင် ဆားဘီးယားနိုင်ငံ၏ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်အပေါ် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိ ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment