Wednesday, November 23, 2022

တူကီယဲစစ်ဘက်သည် အီရတ်နှင့်ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်ပစ်မှတ် ၅၀၀ နီးပါးခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဆိုခြင်း


Alarabiya; Nov-23(Wed)

တူကီယဲစစ်ဘက်သည် လေကြောင်းတိုက်ခိုက်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အီရတ်နှင့် ဆီးရီးယားနယ်စပ်တစ်လျှောက်ရှိ ကာ့ဒ်ပစ်မှတ် ၅၀၀ နီးပါးခန့်ကို ချေမှုန်း ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက်သမား ၂၅၄ ဦးခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း တူကီယဲ ကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က နိုဝင်ဘာလ ၂၃ ရက်တွင် ပြောကြား ခဲ့ပါသည်။ တူကီယဲအစိုးရသည် Claw-Sword အမည်ရှိ စစ်ဆင်ရေး၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လေကြောင်းတိုက်ခိုက်မှုများကို နိုဝင်ဘာလ ၂၀ ရက်မှ စတင်ဆောင်ရွက် ခဲ့ပါသည်။ တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ နိုဝင်ဘာလ ၁၃ ရက်တွင် အကြမ်းဖက် ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၆ ဦးသေဆုံးပြီး ၈၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက်တွင် တူကီယဲစစ်ဘက်က ကာ့ဒ်တပ်ဖွဲ့အပေါ် အထက်ပါအတိုင်း လေကြောင်းစီးနင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

တူကီယဲအစိုးရသည် အထက်ပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် ကာ့ဒ်အလုပ်သမား ပါတီ (PKK) ၏ လုပ်ရပ်ဟု ပြစ်တင်ရှုတ်ချလျက်ရှိသည်။ တူကီယဲနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ဖိအားများကိုလျစ်လျူရှု၍ တင့်ကားများ၊ တပ်ဖွဲ့များဖြင့် ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်၍ မြေပြင်ထိုးစစ်ဆင်နွှဲသွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က နိုဝင်ဘာလ ၂၂ ရက်တွင် ခြိမ်းခြောက်ပြောကြား ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်ကတည်းကပင် တူကီယဲနိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက်လျက် ရှိသည့် PKK အဖွဲ့သည် အကြမ်းဖက်ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ တူကီယဲအစိုးရ၏ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment