Arab News; Nov-23(Wed)
အီရတ်နိုင်ငံသည် ကာ့ဒ်ဒေသရှိ အကြမ်းဖက်ခွဲထွက်ရေးအဖွဲ့များအား အိမ်နီးချင်း အီရန်နှင့် တူကီယဲနိုင်ငံတို့က အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွင် ၎င်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အီရန်နှင့် တူကီယဲနယ်စပ်တစ်လျှောက်၌ အီရတ် နယ်ခြားစောင့်တပ်ဖွဲ့များကို ပြန်လည်တပ်ဖြန့်ချထားရန် စီစဉ်လျက်ရှိကြောင်း Arab News သတင်းဌာနက နိုဝင်ဘာလ ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ တပ်ဖြန့်ချထားရေးနှင့်ပတ်သက်၍ အီရတ်အစိုးရသည် ကာ့ဒ်အစိုးရနှင့် ၎င်း၏လက်အောက်ရှိ Peshmerga တပ်ဖွဲ့တို့နှင့် ကနဦးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိ အချိန်တွင် ၎င်းဒေသများအား အီရတ်ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် Peshmerga တပ်ဖွဲ့များက စောင့်ကြည့်မှုများပြုလုပ်လျက်ရှိပါသည်။ အီရတ်နိုင်ငံမှ နယ်ခြားစောင့်တပ်ဖွဲ့များကို တပ်ဖြန့်ချထားမည့်အချိန်အထိ အီရန်နိုင်ငံသည် ကာ့ဒ်ဒေသအတွင်းစစ်ဆင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမာအဗ္ဗဒူလာဟီရန် (Hossein Amir Abdollahian) က သတိပေးပြောကြားခဲ့ပါသည်။ ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်တွင် အီရန်ရဲတပ်ဖွဲ့မှဖမ်းဆီးစဉ် သေဆုံးခဲ့ရသည့် အသက် ၂၂ နှစ်အရွယ်ရှိ ကာ့ဒ်နွယ်ဖွား မာ့ရှ်ဆာအာမီနီ (Mahsa Amini) ၏ ဖြစ်စဉ်ကိုအကြောင်းပြု၍ အီရန် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်ခဲ့သည့် ပြင်ပအင်အားကြီး နိုင်ငံများနှင့် ကာ့ဒ်ဒေသတွင်းအကြမ်းဖက်တပ်ဖွဲ့များကိုလည်း အီရန်အစိုးရက ပြစ်တင် ရှုတ်ချခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment