Xinhua;Nov-25(Fri)
ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ဩစတြီးယား နိုင်ငံတို့မှ ပြည်ထဲရေးဝန်ကြီးတို့သည် နိုဝင်ဘာလ ၂၄ ရက်တွင် ချက်သမ္မတနိုင်ငံ၊ မြို့တော် ပရက်ဂ် (Prague) ၌ ရှန်ဂန်ဧရိယာ (Schengen Area) အတွင်းသို့ တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ရှန်ဂန်ဧရိယာသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုဖြင့် ဖွဲ့စည်းထားသည့် ဗီဇာ ကင်းလွတ်ခွင့်ပြုထားသည့် ဒေသတစ်ခုဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးများသည် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၅ ရက်တွင် ဆွေးနွေးညှိနှိုင်းမှုကို အကျယ်တဝင့် ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ၎င်းဆွေးနွေးမှုအတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သောနိုင်ငံများနှင့် ဗီဇာမူဝါဒဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။
လက်ရှိတွင် ချက်သမ္မတနိုင်ငံသည် ဥရောပသမဂ္ဂကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိသောကြောင့် ၎င်းကိစ္စရပ်များအား ဦးစီးဆောင်ရွက် သွားမည်ဖြစ်ပါသည်။ တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုများအား ဥရောပ၏ ဘုံပြဿနာတစ်ခုအဖြစ် ဖြေရှင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ချက်ပြည်ထဲရေးဝန်ကြီး ဗစ်ရာကူဆန် (Vit Rakusan) က နိုဝင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်များကိုဖြတ်ကျော်ရန် အများဆုံး အသုံးပြုလျက်ရှိသည့် လမ်းကြောင်းမှာ အနောက်ဘောလ်ကန်ဒေသလမ်းကြောင်းဖြစ် ကြောင်း ၎င်း၏ပြောကြားချက်အရ သိရှိရပါသည်။
No comments:
Post a Comment