Wednesday, November 23, 2022

ရုရှားအား အကြမ်းဖက်ဝါဒထောက်ခံအားပေးသည့်နိုင်ငံတစ်ခုအဖြစ် မဲခွဲဆုံးဖြတ် ခဲ့ပြီးနောက် ဥရောပသမဂ္ဂလွှတ်တော်ဝဘ်ဆိုက်သည် ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရခြင်း

Anadolu Agency; Nov-23(Wed)

ရုရှားနိုင်ငံအား အကြမ်းဖက်ဝါဒထောက်ခံအားပေးသည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်သွားမည့် အဆိုပြုချက်အား ဥရောပသမဂ္ဂလွှတ်တော်က နိုဝင်ဘာလ ၂၃ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် မကြာမီမှာပင် ၎င်းလွှတ်တော်၏ တရားဝင်ဝဘ်ဆိုက်သည် ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရကြောင်း Anadolu Agency သတင်းဌာနက ရေးသားဖော်ပြ ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့သည်ဟု ရုရှားအစိုးရအပေါ် ထောက်ခံသည့်အဖွဲ့တစ်ခုက ဝန်ခံကြေညာထားကြောင်းလည်း ဥရောပသမဂ္ဂလွှတ်တော် ဥက္ကဋ္ဌ ရော့ဘတ်တာမတ်ဆိုလာ (Roberta Metsola) က ပြောကြားထားပါသည်။ ထို့ပြင် ဝဘ်ဆိုက်ပြန်လည်အသုံးပြုနိုင်ရန်အတွက် သတင်းအချက်အလက်နည်းပညာ (IT) ကျွမ်းကျင်သူများက လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂလွှတ်တော်အမတ်များသည် ရုရှားနိုင်ငံအား အကြမ်းဖက်ဝါဒ ထောက်ခံအားပေးသည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်မည့်ဆုံးဖြတ်ချက်တစ်ရပ်ကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၉၄ မဲ၊ ကန့်ကွက်မဲ ၅၈ မဲနှင့် ကြားနေမဲ ၄၄ မဲဖြင့် အတည်ပြု ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်တွင် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင် ရုရှားစစ်ဘက်က နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ကာ စွမ်းအင်ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ဆေးရုံများ၊ ဆေးဘက် ဆိုင်ရာ အဆောက်အအုံများ၊ ကျောင်းများ၊ ရိပ်သာများနှင့် ဂေဟာများအပါအဝင် အရပ်သားပစ်မှတ်များကို အရှိန်မြှင့်တင်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်ဟု ဖော်ပြ ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment