Monday, December 5, 2022

ဖင်လန်နိုင်ငံအနေဖြင့် တူကီယဲနိုင်ငံအပေါ် ချမှတ်ထားသည့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Al Arabiya; Dec-6(Tue)

ဖင်လန်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေး တူကီယဲနိုင်ငံ၏ ထောက်ပံ့မှု ရရှိရန်အတွက် ၎င်းတို့နိုင်ငံအပေါ်ချမှတ်ထားသည့် လက်နက်ရောင်းချမှု ပိတ်ပင်ထား ခြင်းကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူ ဆိုဂလူ (Mevlut Cavusoglu) က ဒီဇင်ဘာလ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် အထူးစစ်ဆင်ရေး တစ်ရပ်ဆောင်ရွက်ခဲ့ပြီးနောက် NATO အဖွဲ့သို့ဝင်ရောက်ရန် တောင်းဆိုလာခဲ့ခြင်းဖြစ် ပါသည်။ သို့သော်လည်း ၎င်းတို့၏ ကာ့ဒ်စစ်သွေးကြွများအပေါ်ထားရှိသည့် ရပ်တည်ချက်နှင့် တူကီယဲအပေါ်ချမှတ်ထားသည့် လက်နက်ရောင်းချမှုပိတ်ပင်ခြင်းကို ဖယ်ရှားခြင်းအပါအဝင် တောင်းဆိုချက်အများအပြားကို မလိုက်လျောမီအချိန်အထိ ၎င်းတို့၏ အဖွဲ့ဝင်ဖြစ်မှုကို ထောက်ခံရန် တူကီယဲနိုင်ငံက ငြင်းဆိုလျက်ရှိပါသည်။

တူကီယဲနိုင်ငံ၏ ဆီးရီးယားကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ၂၀၁၉ ခုနှစ်တွင် တူကီယဲနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ဆို့ခြင်းကို ချမှတ်ခဲ့ခြင်းဖြစ်ပါ သည်။ ဆွီဒင်နိုင်ငံသည် အဆိုပါ အရေးယူပိတ်ဆို့မှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ရုပ်သိမ်းခဲ့သော်လည်း ဖင်လန်နိုင်ငံကမူ ရုပ်သိမ်းခဲ့ခြင်းမရှိပေ။ ဖင်လန်နိုင်ငံအနေဖြင့် တူကီယဲနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်ခြင်းအားရုပ်သိမ်းကြောင်း ကြေညာခြင်း မရှိသေးသည့်အတွက် ၎င်းထုတ်ပြန်ချက်ကို မျှော်လင့်လျက်ရှိကြောင်းလည်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့သည် နိုင်ငံအတွင်း ကာ့ဒ်စစ်သွေးကြွများ ခိုလှုံနေထိုင်ခြင်းမရှိကြောင်းငြင်းဆိုထားပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အပြည့်အဝ ဖြေရှင်းရန်နှင့် လက်နက်ရောင်းချမှုပိတ်ဆို့ခြင်းများကိုရုပ်သိမ်းရန် တူကီယဲနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားထားပါသည်။ နော်ဒစ်နှစ်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်ဖြစ်လာစေရန် မဟာမိတ်အဖွဲ့ဝင် ၃၀ နိုင်ငံလုံး၏ အတည်ပြုချက်ရရှိရန် လိုအပ်မည်ဖြစ်သော်လည်း ၎င်းတို့၏အဖွဲ့ဝင်ဖြစ်မှုကို တူကီယဲတစ်နိုင်ငံတည်းက ကန့်ကွက် ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက် တူကီယဲနိုင်ငံသည် ၁၉၅၂ ခုနှစ်တွင် NATO အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး NATO အဖွဲ့ နယ်နိမိတ်ကို ချဲ့ထွင်သည့်အနေဖြင့် အဖွဲ့ဝင်သစ်များအတွက် တံခါးဖွင့်ပေးထားသည့် NATO ၏ မူဝါဒကိုလည်း အမြဲထောက်ခံခဲ့သည့်နိုင်ငံဖြစ်ပါသည်။ သို့သော် ဆွီဒင်နှင့် ဖင်လန်တို့သည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်ပွားမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် NATO အဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားခဲ့သော်လည်း တူကီယဲသည် ၎င်းတို့၏ အဖွဲ့ဝင်ဖြစ်ရေးကမ်းလှမ်းမှုကို ကန့်ကွက်ခဲ့ပါသည်။ ထိုကဲ့သို့ကန့်ကွက်ရခြင်းမှာ တူကီယဲမှ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့နှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေး (YPG) တပ်ဖွဲ့များကို တူကီယဲစစ်ဘက်က နှိမ်နင်းရာတွင် ဆွီဒင်နှင့် ဖင်လန်တို့က ကန့်ကွက်မှုများရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ တူကီယဲနိုင်ငံ၏ ဆီးရီးယားကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုကို တုံ့ပြန် သည့်အနေဖြင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ၂၀၁၉ ခုနှစ်တွင် လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းကို ချမှတ်ခဲ့ပါသည်။ သို့သော် ဆွီဒင်နိုင်ငံသည် အဆိုပါအရေးယူပိတ်ဆို့မှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ရုပ်သိမ်းခဲ့သော်လည်း ဖင်လန်နိုင်ငံကမူ ယနေ့ထက်တိုင် ရုပ်သိမ်းခဲ့ခြင်းမရှိပေ။ NATO အဖွဲ့ဝင်နိုင်ငံများ၏ အပြုသဘောဆောင်သော သဘောထား များကြောင့် ၃ နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ဖင်လန်နှင့် ဆွီဒင်တို့သည် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးမည်မဟုတ်ကြောင်း ၃ နိုင်ငံ သဘောတူစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ပြင် နှစ်ဖက် ဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အပြည့်အဝဖြေရှင်းရန်နှင့် လက်နက်ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် တူကီယဲနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကတိပြုပြောကြား ခဲ့ပါသည်။ သို့သော်လည်း ၎င်းတို့၏ ကာ့ဒ်စစ်သွေးကြွများအပေါ်ထားရှိသည့် ရပ်တည်ချက်နှင့် တူကီယဲအပေါ်ချမှတ်ထားသည့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းများကို ဖယ်ရှားခြင်း အပါအဝင် တောင်းဆိုချက်အများအပြားကို မလိုက်လျောမီအချိန်အထိ ၎င်းတို့၏ အဖွဲ့ဝင် ဖြစ်မှုကိုထောက်ခံရန် တူကီယဲနိုင်ငံက ငြင်းဆိုနေမည်ဖြစ်ပါသည်။ ထို့ကြောင့် ဖင်လန် နိုင်ငံအနေဖြင့် တူကီယဲနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်ရေးထိုးခဲ့သည့် သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက ၎င်း၏ NATO အဖွဲ့ဝင် ဖြစ်ခွင့်တွင် တူကီယဲက ကန့်ကွက်မှုများ ဆက်လက်ပြုလုပ်နေဦးမည်ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment