Tuesday, December 13, 2022

NATO အဖွဲ့ဝင်နိုင်ငံများ၏ဝေဟင်၌ ကင်းလှည့်ရာတွင် ကနေဒါတိုက်လေယာဉ်များကို စေလွှတ်တော့မည်မဟုတ်ဆိုခြင်း

Globalnews.ca;Dec-14(Wed)

ကနေဒါနိုင်ငံသည် ရုရှား၏ ကျူးကျော်လာနိုင်မှုကိုကာကွယ်ရန်အတွက် မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများ၏ ဝေဟင်အတွင်း ကင်းလှည့်ရန် CF-18s တိုက်လေယာဉ်များကို လာမည့်နှစ်မှစ၍ စေလွှတ်သွားတော့မည် မဟုတ်ကြောင်း Globalnews သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ ကနေဒါလေတပ်သည် ဥရောပဝေဟင်ပိုင်နက်တွင် ကင်းလှည့်ရန်အတွက် ၎င်း၏တိုက်လေယာဉ်များနှင့် လေယာဉ်မှူးများကို ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ်စေလွှတ်လျက် ရှိသော်လည်း လာမည့်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စေလွှတ်တော့မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကနေဒါလေတပ်ပိုင် CF-18s တိုက်လေယာဉ် ၆ စင်းသည် ရိုမေးနီးယားနိုင်ငံတွင် ၄ လကြာတပ်ဖြန့်ခဲ့စဉ်အတွင်း အကြိမ်ပေါင်း ၅၀၀ နီးပါးပျံသန်းမှုပြုလုပ် ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁ ရက်တွင် ကနေဒါနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။

ရုရှားနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယား ကျွန်းဆွယ်အား ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက်တွင် NATO အဖွဲ့က ဥရောပအရှေ့ပိုင်းရှိ ၎င်း၏တပ်ဖွဲ့များကို တပ်လှန့်ရန်နှင့် ဘောတစ်နှင့်ပင်လယ်နက်ဒေသတို့၌ ရုရှားနိုင်ငံ၏ လေကြောင်းလှုပ်ရှားမှု များကို စောင့်ကြည့်ရန်တို့အတွက် NATO လေကြောင်းထိန်းချုပ်ရေးမစ်ရှင်ကို ချမှတ်ခဲ့ပါသည်။ ကနေဒါနိုင်ငံသည် ၎င်းမစ်ရှင်အတွင်းပါဝင်ရန်အတွက် CF-18s တိုက်လေယာဉ်အုပ်တစ်အုပ်ကို စတင်စေလွှတ် တပ်ဖြန့်ခဲ့ခြင်းဖြစ်ပါသည်။ ကနေဒါလေတပ်သည် လေယာဉ်မှူးရှားပါးမှုနှင့် နည်းပညာအားနည်းမှု စသည့်အကြပ်အတည်းများဖြင့် နှစ်ပေါင်းများစွာကြာရင်ဆိုင်ခဲ့ လျက်ရှိပြီး CF-18s တိုက်လေယာဉ် အဆင့်မြှင့်တင်ပေးရန်နှင့် လေယာဉ်မှူးသစ်များကို လေ့ကျင့်ပေးရန် လိုအပ်လျက်ရှိသည့်အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment