Sunday, January 22, 2023

တူကီယဲလွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည်ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း

Hindustan Times;Jan-23(Mon)

တူကီယဲရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရန် စီစဉ်လျက်ရှိသည့် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများအား လာမည့် မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်တွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ ဘူဆာ (Bursa) စီရင်စု၌ ကျင်းပပြုလုပ်သည့် လူငယ်ညီလာခံတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။ ရွေးကောက်ပွဲ ကျင်းပမည့်အစီအစဉ်အား မတ်လ ၁၀ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပြီး ထိုကဲ့သို့ထုတ်ပြန်ကြေညာမှုပြုလုပ်ပြီးချိန်တွင် တူကီယဲရွေးကောက်ပွဲကောင်စီ အနေဖြင့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများပြုလုပ်သွားမည် ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ မည်သည့်ကိုယ်စားလှယ်မျှ ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းနှင့်အထက် ကျော်လွန်ရရှိခြင်းမရှိပါက ဒုတိယအကျော့ဆန္ဒမဲပေးမှုကို မေလ ၂၈ ရက်တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပါသည်။ တူကီယဲနိုင်ငံ၏ စီးပွားရေးမှာ ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်ရလျက်ရှိခြင်းကြောင့် ယခုကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ သည် သမ္မတ အာဒိုဂန်အတွက် ခက်ခဲသောရွေးကောက်ပွဲတစ်ခုဖြစ်လာခဲ့ပါသည်။

အတိုက်အခံ ၆ ပါတီဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့သည် လာမည့် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတလောင်းအား ရွေးချယ်ထားခြင်း မရှိသေးပေ။ လွှတ်တော်တွင် တတိယအင်အားအကြီးဆုံးဖြစ်သော ကာ့ဒ်လိုလားသည့် ပါတီသည် ယခုအချိန်အထိ အဆိုပါမဟာမိတ်အဖွဲ့မှ ဖယ်ထုတ်ခံထားရခြင်းကြောင့် သမ္မတလောင်းအား သီးခြားတင်သွင်း၍ ဝင်ရောက်ယှဉ်ပြိုင်သွားဖွယ်ရှိပါသည်။ အသက် ၆၈ နှစ်ရှိပြီဖြစ်သော သမ္မတ အာဒိုဂန်သည် ဝန်ကြီးချုပ်ရာထူးကိုဖျက်သိမ်းကာ အာဏာ အများစုကို သမ္မတလက်ထဲတွင်စုစည်းထားသည့် အုပ်ချုပ်ရေးစနစ်ကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ စနစ်သစ်အရ သမ္မတရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲများကို တစ်နေ့တည်းတွင် ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါသည်။ အတိုက်အခံ များသည် တူကီယဲ၏ စီးပွားရေးကျဆင်းမှု၊ နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ယိုယွင်းလာမှုတို့နှင့်ပတ်သက်၍ သမ္မတ အာဒိုဂန်အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး ပြန်လည် ပြင်ဆင်ထားသော အုပ်ချုပ်ရေးစနစ်သစ်သည်လည်း လူတစ်ဦးတည်းက ကြီးစိုးခြယ်လှယ် သည့် အုပ်ချုပ်မှုစနစ်သာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်ရွေးကောက်ပွဲကို ဇွန်လတွင်ကျင်းပရန်စီစဉ်ထားသော်လည်း အဆိုပါကာလသည် နွေရာသီနှင့် ဘာသာရေး အားလပ်ရက်များနှင့် တိုက်ဆိုင်နေသဖြင့် ဆောလျင်စွာပြုလုပ်ရန် အာဏာရပါတီဝင် များက တိုက်တွန်းပြောကြားထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment