Friday, January 6, 2023

ဂရိအစိုးရသည် တူကီယဲနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသ၌ သံမဏိခြံစည်းရိုးတည်ဆောက်ရန် စီစဉ်လျက်ရှိခြင်း

Anadolu Agency;Jan-7(Sat)

ဂရိနိုင်ငံအနေဖြင့် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုများကို တားဆီးရန် အတွက် တူကီယဲနိုင်ငံနှင့် နယ်နိမိတ်တစ်လျှောက်တွင်ရှိသည့် မာရစ် (Meric) မြစ်အနီး၌ ကီလိုမီတာ ၁၄၀ (၈၇ မိုင်) ရှည်လျားသော သံမဏိခြံစည်းရိုးကို တည်ဆောက်မည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဂရိအစိုးရသည် မာရစ် (Meric) မြစ်တစ်လျှောက်၌ ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းများကို တိုးမြှင့်လုပ်ဆောင်ရန်အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၅၀ ဦးကို တပ်ဖြန့်ချထားရန် ကြေညာခဲ့ကြောင်း အဆိုပါသတင်းဌာနက ဆက်လက်ဖော်ပြ ခဲ့ပါသည်။

ဂရိတပ်ဖွဲ့ဝင်များသည် တူကီယဲရေပိုင်နက်အတွင်းသို့ တရားမဝင်ရွှေ့ပြောင်း အခြေချနေထိုင်သူများတင်ဆောင်လာသော လှေတစ်စီးအား တရားမဝင်ပြန်လည်ပို့ဆောင် နေခြင်းကို တူကီယဲရေတပ်သည် မောင်းသူမဲ့လေယာဉ်ဖြင့် ဗီဒီယိုမှတ်တမ်းတင်ထားရှိခဲ့ကြောင်း တူကီယဲအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အထက်ပါအတိုင်း ခိုလှုံခွင့်တောင်းခံသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများကို ပြန်လည်ပို့ဆောင်သည့် ဂရိနိုင်ငံ၏ တရားမဝင်ဆောင်ရွက်ချက်များကို ရှုတ်ချမှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ သည့်အပြင် အမျိုးသမီးများနှင့် ကလေးငယ်များပါဝင်သော မိမိကိုယ်ကိုခုခံနိုင်စွမ်း နည်းပါးသူများ၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်ကာ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်လျက်ရှိကြောင်း တူကီယဲနိုင်ငံနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ဝေဖန်မှုများလုပ်ဆောင်ခဲ့သည်ဟု သိရှိရပါသည်။


သုံးသပ်ချက် 
နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား ပြီးခဲ့သည့် ၂ နှစ်ခန့်မှစတင်၍ အေဂျီယံပင်လယ်အတွင်း ကျွန်းများပိုင်ဆိုင်မှု၊ မြေထဲပင်လယ် အတွင်း စွမ်းအင်ရှာဖွေမှုဆိုင်ရာ ရေပိုင်နက်အငြင်းပွားမှုနှင့် ရွှေ့ပြောင်းအခြေချနေထိုင် သူများအရေးကိစ္စရပ်များ စသည်တို့နှင့်စပ်လျဉ်း၍ တင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူအများစုသည် အာဖရိကမြောက်ပိုင်းကမ်းခြေနှင့် အရှေ့ အလယ်ပိုင်းဒေသများမှ တိမ်းရှောင်ထွက်ပြေးလာခြင်းဖြစ်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်မှစတင်၍ မြေထဲပင်လယ်ကို စွန့်စားဖြတ်ကျော်ကာ ဂရိနှင့်အီတလီကမ်းခြေများမှတစ်ဆင့် ဥရောပသို့ ဝင်ရောက်မှုများ အဆမတန်များပြားလာလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် တူကီယဲသည် ဥရောပသို့ ခရီးသွားလိုသော ရွှေ့ပြောင်းနေထိုင်သူများအတွက် ၎င်း၏အနောက်ဘက် နယ်နိမိတ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့ရာ ဂရိနိုင်ငံသည် အဗ်ရို့စ် (Evros)၊ သို့မဟုတ် မာရစ် (Meric) မြစ်ကိုဖြတ်၍ ဝင်ရောက်လာနိုင်သည့် ထောင်နှင့်ချီသော တရားမဝင်ဖြတ်ကျော်သူများအား တားဆီးရန်အတွက် နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ခဲ့ပြီးနောက် နယ်စပ်ခြံစည်းရိုးတိုးချဲ့တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ပါသည်။ တူကီယဲသည် ဒုက္ခသည်များအား ဂရိသို့သွားရောက်ရန် တရားဝင်လမ်းဖွင့် ပေးခြင်းဖြင့် ၎င်းနိုင်ငံအတွင်းမှ ပညာရှိနည်းဖြင့် နှင်ထုတ်ခဲ့ပြီး ဂရိသည် ၎င်းဒုက္ခသည်များ ဝင်ရောက်လာမည်ကိုစိုးရိမ်၍ နည်းမျိုးစုံဖြင့် တားဆီးခဲ့ရာ ရွှေ့ပြောင်းဒုက္ခသည်များသည် မြေစာပင်သဖွယ်ဖြစ်လျက်ရှိပါသည်။ တစ်ဖန် တူကီယဲနိုင်ငံသည်လည်း ခိုလှုံခွင့်တောင်းခံသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများကို ဖိအားပေးပို့ဆောင်သည်ဟု ဂရိနိုင်ငံအပေါ် စွပ်စွဲ ပြစ်တင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများအရေးနှင့်ပတ်သက်၍ ဂရိနှင့် တူကီယဲနိုင်ငံတို့အကြား တင်းမာမှုများပိုမို တိုးမြင့်လာနိုင်ဖွယ်ရှိရာ ဥရောပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဝင်ရောက် ဖြေရှင်းမှုများလုပ်ဆောင်သင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment