Thursday, February 9, 2023

တောင်ကိုရီးယားနှင့် ရိုမေးနီးယားနိုင်ငံတို့မှ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများသည် ဒုံးကျည်များ ပူးပေါင်းထုတ်လုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း

 Yonhap; Feb-9(Thu)

            တောင်ကိုရီးယားနိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ ကုမ္ပဏီ တစ်ခုဖြစ်သော LIG Nex 1 နှင့် ရိုမေးနီးယားနိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ROMARM တို့သည်  မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ ပူးပေါင်းထုတ်လုပ်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း Yonhap သတင်းဌာနက ဖေဖော်ဝါရီလ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ LIG Nex 1 ကုမ္ပဏီနှင့် ROMARM ကုမ္ပဏီတို့သည် အဆိုပါ MOU အား  ရိုမေးနီးယားနိုင်ငံ၊ မြို့တော် ဘူခါရက်စ် (Bucharest) ရှိ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ၎င်း အခမ်းအနားသို့ ရိုမေးနီးယားနိုင်ငံ၏ စီးပွားရေးနှင့် စက်မှုဝန်ကြီး ဖလိုရင်းမာရီယမ် စပတ်တာ (Florin Marian Spataru) နှင့် ရိုမေးနီးယားနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ် လင်ဂတ်ဆိုး (Lim Gap-Soo) တို့ တက်ရောက်ခဲ့ကြပါသည်။

                  LIG Nex 1 ကုမ္ပဏီက ရိုမေးနီးယားနိုင်ငံအတွင်း အဆိုပါဒုံးကျည်များအား ထုတ်လုပ်သွားရန်၊ အဆင့်မြှင့်တင်မှုများပြုလုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရိုမေးနီးယားနိုင်ငံမှ လိုအပ်လျက်ရှိသည့် ဒုံးကျည်များထုတ်လုပ်နိုင်ရေး နည်းပညာများ လွှဲပြောင်းပေးသွားရန်စသည့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့်အချက်များအား  ကမ်းလှမ်း လာမှုကြောင့် ROMARM ကုမ္ပဏီက အထက်ပါ MOU အား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားထားပါသည်။ အဆိုပါ MOU အား လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် တောင်ကိုရီးယားနှင့် ရိုမေးနီးယားနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည့်အပြင် နှစ်နိုင်ငံ အကြား ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်း LIG Nex 1 ကုမ္ပဏီအကြီးအကဲ လီဟောင်ဆိုး (Lee Hyeon-soo) က ပြောကြားထားသည်ဟု သိရှိရပါသည်။

No comments:

Post a Comment