Sunday, February 5, 2023

ဗြိတိန်နှင့် ဂရိတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးသွားမည်ဆိုခြင်း

 Greekreporter;Feb-5(Sun)

            ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) နှင့် ဂရိကာကွယ်ရေး ဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikos Panagiotopoulos) တို့သည် ဖေဖော်ဝါရီလ ရက်တွင် Portsmouth ရေတပ်အခြေစိုက်စခန်းရှိ ဗြိတိန်တော်ဝင်ရေတပ်၏ ခရူဇာသင်္ဘောတစ်စီးပေါ်၌ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း Greekreporter သတင်းဝဘ်ဆိုက်က ဖေဖော်ဝါရီလ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား လက်မှတ်ရေးထိုးရခြင်း၏ ရည်မှန်းချက်မှာ အနာဂတ်ကာလ၌ ပူးပေါင်းဆောင်ရွက်မှု များအတွက် အခွင့်အလမ်းသစ်များရရှိရန် မျှော်မှန်းထားရှိချိန်တွင် ဘုံခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သွားနိုင်ရန်အလို့ငှာ  နှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေရေးအတွက်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက အဆိုပါသတင်းဌာနသို့ မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

            ဗြိတိန်နှင့် ဂရိနိုင်ငံတို့အကြား အဆိုပါသဘောတူညီချက်အသစ်သည် နှစ်နိုင်ငံ အကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးကို ခိုင်မာအားကောင်းစေရန်၊ နှစ်နိုင်ငံ စစ်ဘက်တပ်ဖွဲ့ဝင်များ၏ ပူးတွဲလေ့ကျင့်မှုများနှင့် စစ်ရေးဆိုင်ရာလေ့ကျင့်မှုများကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဂရိသံတမန် သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မျိုးစပ်စစ်ပွဲနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ ကဲ့သို့သော ခေတ်မီခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မူဘောင်သစ်တစ်ရပ်အား သတ်မှတ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော် ဘရပ်ဆဲလ် (Brussels) ကျင်းပပြုလုပ်မည့်   NATO အဖွဲ့ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၌ ဗြိတိန်နှင့်ဂရိကာကွယ်ရေးဝန်ကြီးတို့သည် NATO မူဘောင်အတွင်းမှ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် မျှော်မှန်းထားရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment