Wednesday, February 8, 2023

ဂရိနှင့် ဗြိတိန်တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်း

 Greekherald; Feb-8(Wed)

            ဂရိနှင့် ဗြိတိန်နိုင်ငံတို့သည် နှစ်နိုင်ငံစစ်ဘက်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာဆောင်ရွက်သွားနိုင်ရေးအတွက် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာသဘော တူညီချက်အသစ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း Greekherald သတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ် ပန်ဂျီအိုတိုပိုလက်စ် (Nikos Panagiotopoulos) သည် ဗြိတိန်နိုင်ငံသို့ အလည်အပတ် ခရီး ရောက်ရှိစဉ်အတွင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) နှင့် အဆိုပါ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းလည်း အထက်ပါ သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အထက်ပါ သဘောတူညီချက်အသစ်အား လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ဗြိတိန်နှင့် ဂရိနိုင်ငံတို့အကြား ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အပြင် ဥရောပ- အတ္တလန္တိတ် ဒေသအတွင်း၌ ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှု အားလုံးကို နှစ်နိုင်ငံပူးပေါင်း၍ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဘန်ဝေါလေ့စ်က ပြောကြားခဲ့ပါသည်။

            ထို့ပြင် နှစ်နိုင်ငံစစ်ဘက်အတွက် ပိုမိုအကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အပြင် NATO အဖွဲ့၏စွမ်းဆောင်ရည်ကိုလည်း ပိုမိုခိုင်မာ အားကောင်းလာစေရန် လုပ်ဆောင်ပေးသွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါ သည်။ ထို့အတူ ၎င်းသဘောတူညီချက်အား ချုပ်ဆိုနိုင်ခဲ့မှုကြောင့်  နှစ်နိုင်ငံစစ်ဘက်၏ နောင်လာမည့်အနာဂတ်ကာလတွင် ကြုံတွေ့လာရနိုင်သည့် စစ်ပစ္စည်းများလိုအပ်မှု၊ စစ်ဆင်ရေးဆိုင်ရာအခက်အခဲများ ကြုံတွေ့ရမှုများအပြင် စစ်ရေးအသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဘန်ဝေါလေ့စ် က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

            ဂရိနှင့် ဗြိတိန်နိုင်ငံတို့၏ ဆက်ဆံရေးသည် ကောင်းမွန်ပြီး ခင်မင်ရင်းနှီးသော နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းထားရှိသည့် နိုင်ငံများဖြစ်ကြသည့်အလျောက် ကုလသမဂ္ဂ (United Nation-UN) NATOနှင့် ဥရောပကောင်စီတို့၏ အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ကြပါသည်။ ၎င်းတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းစေရန် အတွက် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်မူဘောင်တစ်ရပ်ကို ၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့ပြင် လက်ရှိတွင်လည်း ဂရိနှင့် ဗြိတိန်နိုင်ငံတို့သည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စစ်ဘက်ကို အကျိုးရှိစေရန်အတွက် ပိုမိုနီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်ရည်ရွယ်၍ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အသစ်တစ်ရပ်အား ဖေဖော်ဝါရီလ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြပါသည်။ အဆိုပါသဘောတူညီချက်သည် ဥရောပ-အတ္တလန္တိတ် ဧရိယာအတွင်းရှိ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများအားလုံးကို တန်ပြန်တုံ့ပြန်နိုင် စေရန်အတွက် ရည်ရွယ်၍ အတူတကွပူးပေါင်းလုပ်ဆောင်သွားရန် ဂရိနှင့်ဗြိတိန်တို့၏ တူညီသော သန္နိဋ္ဌာန်ချမှတ်မှုကို အလေးအနက်ထားဖော်ပြခြင်းပင်ဖြစ်ပါသည်။ ထို့ပြင် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုအသစ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဂရိနှင့် ဗြိတိန်တို့သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်နှင့် NATO အဖွဲ့အတွက် ထောက်ပံ့ပေးအပ်ထားသည့် စွမ်းဆောင်ရည် များကို မြှင့်တင်ခြင်းများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အခွင့်အလမ်းသစ် များကို အသုံးချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဂရိနှင့် ဗြိတိန်နိုင်ငံတို့အကြား အဆိုပါသဘောတူညီချက်အသစ်သည် နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေမည့်အပြင် နှစ်နိုင်ငံစစ်ဘက် တပ်ဖွဲ့ဝင်များ၏ စစ်ရေးဆိုင်ရာပူးတွဲလေ့ကျင့်မှုများကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


No comments:

Post a Comment