Tuesday, February 7, 2023

ဆားဘီးယားနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် EU ၏ အဆိုပြုချက်ကို ကိုဆိုဗိုက လက်ခံခဲ့ခြင်း



Anadolu Agency; Feb-7(Tue)

ဆားဘီးယားနိုင်ငံနှင့် ကိုဆိုဗိုတို့အကြား ပုံမှန်သံတမန်ဆက်ဆံမှုများထူထောင်ရေး ဆိုင်ရာ ဥရောပသမဂ္ဂ (European Union-EU) ၏ အဆိုပြုချက်ကို အသိအမှတ်ပြု လက်ခံကြောင်းနှင့် ၎င်းအဆိုပြုချက်သည် ရှေ့ဆက်ဆောင်ရွက်နိုင်ရေးအတွက် အခြေခံ မူဘောင်တစ်ရပ်ဖြစ်သည့်အပြင် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုများအတွက်လည်း အခြေခံ အုတ်မြစ်ကောင်းတစ်ခုအဖြစ်မှတ်ယူထားကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က ဖေဖော်ဝါရီလ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။ အထက်ပါမှတ်ချက် စကားသည် ကိုဆိုဗိုမြို့တော် ပရစ်တီနာ (Pristina) ၌ ကာတီနှင့် ဆားဘီးယား-ကိုဆိုဗို ဆွေးနွေးမှုဆိုင်ရာ ဥရောပသမဂ္ဂအထူးကိုယ်စားလှယ် မီလိုဆလပ်ဗ်လက်ချခ် (Miroslav Lajcak) တို့အကြား တွေ့ဆုံဆွေးနွေးပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် လက်ချခ်သည် ဆားဘီးယားနိုင်ငံ၊ မြို့တော် ဘဲလ်ဂရိတ် (Belgrade) သို့လည်း ဆက်လက် သွားရောက်နိုင်ဖွယ်ရှိပါသည်။ ဘရပ်ဆဲလ် (Brussels) မြို့၌ မကြာမီကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ဆားဘီးယား-ကိုဆိုဗိုအရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏အာမခံချက် များအပေါ် မေးခွန်းထုတ်သွားမည်ဖြစ်ကြောင်း ကာတီက ဆက်လက်ပြောကြားခဲ့ပါသည်။

ဆာ့ဘ်လူမျိုးတို့အများစုနေထိုင်ရာ ကိုဆိုဗိုမြောက်ပိုင်းတွင် ဆားဘီးယားမြူနီစီပယ် ဒေသထူထောင်ရေးအပါအဝင် ပုံမှန်ဆက်ဆံရေးတည်ဆောက်မှုအတွက် ဂျာမနီ-ပြင်သစ် ပူးတွဲအဆိုပြုချက်ကိုလက်ခံရန် ဆားဘီးယားအစိုးရကို ဖိအားပေးသင့်ကြောင်း ကာတီက ဇန်နဝါရီလအစောပိုင်းတွင် တိုက်တွန်းထားပါသည်။ ဆားဘီးယားမြူနီစီပယ်ဒေသ ထူထောင်ရေးသည် ဆားဘီးယားအစိုးရ၏ အဓိကတောင်းဆိုမှုများအနက် တစ်ခုပင် ဖြစ်ပါသည်။ ဥရောပသမဂ္ဂသည် ဆားဆီးယားနှင့် ကိုဆိုဗိုတို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေး လုပ်ငန်းစဉ်တိုးတက်မှုအတွက် ၎င်းတို့အကြား ပဋိပက္ခများကိုဖြေရှင်းနိုင်မည့် နောက်ဆုံး သဘောတူညီချက်တစ်ရပ်ရရှိစေရေး ကြိုးပမ်းလျက်ရှိပါသည်။ ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားနိုင်ငံမှခွဲထွက်ကာ သီးခြားလွတ်လပ်သည့်နိုင်ငံအဖြစ် ကြေညာခဲ့သော်လည်း ၎င်းအား ဆားဘီးယား၏ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ်သာ ဆားဘီးယားအစိုးရက အသိအမှတ်ပြုထားဆဲဖြစ်သည့်အတွက်ကြောင့် ၎င်းတို့အကြား တင်းမာမှုများဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရပါသည်။



၁၉၉၉ ခုနှစ်တွင် ဆားဘီးယား-ကိုဆိုဗိုစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားနိုင်ငံမှခွဲထွက်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် တစ်ဖက်သတ်ကြေညာခဲ့ပါသည်။ ကိုဆိုဗိုကို လွတ်လပ်သည့်နိုင်ငံတစ်ခုအဖြစ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက အသိအမှတ် ပြုထားသော်လည်း ၎င်း၏နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ်သာ ဆားဘီးယားအစိုးရက သတ်မှတ်ထားပါသည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် အယ်ဘေးနီးယန်းလူမျိုးစုဦးဆောင် သည့် ကိုဆိုဗိုအစိုးရနှင့် ဆာ့ဘ်လူနည်းစုတို့အကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ရာမှ အစပြု၍ လက်ရှိတွင် ဆားဘီးယား-ကိုဆိုဗို တစ်ကျော့ပြန်တင်းမာမှုများ ထပ်မံပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် နှစ်ဖက်တင်းမာမှုများသည် EU သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခွင့်ရရှိရေး ၎င်းတို့၏ကြိုးပမ်းနေမှုအပေါ် အဟန့်အတားဖြစ်စေ လျက်ရှိသကဲ့သို့ ဥရောပဒေသအတွင်း မတည်မငြိမ်ဖြစ်စေမည့် အခြေခံအကြောင်းတရား တစ်ခုအဖြစ် EU က ရှုမြင်ထားရှိပါသည်။ ထို့ကြောင့် EU အနေဖြင့် ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား စေ့စပ်ညှိနှိုင်းအဖြေရှာမှုများကို တစ်စိုက်မတ်မတ်လုပ်ဆောင်ပေး လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးတို့၏ နေ့စဉ် လူမှုဘဝလုံခြုံမှု ရှိစေရေးသည် ဆားဘီးယားအစိုးရအတွက် အဓိကစိုးရိမ်ပူပန်မှုတစ်ရပ်ဖြစ်သောကြောင့် ကိုဆိုဗိုမြောက်ပိုင်း၌ ဆာ့ဘ်မြူနီစီပယ်ဒေသတစ်ခုထူထောင်ပေးရန် ဆားဘီးယား အစိုးရမှ တောင်းဆိုထားပါသည်။ သို့ဖြစ်၍ ဆားဘီယားနှင့် ကိုဆိုဗိုအကြား ပုံမှန် ဆက်ဆံရေးတည်ဆောက်မှုဆိုင်ရာ EU ၏ အဆိုပြုချက်ကို ကိုဆိုဗိုအစိုးရဘက်မှ သဘောတူလက်ခံသည်ဆိုသော်လည်း ၎င်းတို့အကြား မတူကွဲပြားသည့် များစွာသော အခြေခံအကြောင်းတရားများကြောင့် နှစ်ဖက်တင်းမာမှုများကို အဆုံးသတ်နိုင်မည့် နောက်ဆုံးသဘောတူညီချက်တစ်ရပ်ရရှိနိုင်ရေးမှာ အလှမ်းဝေးကွာနေဦးမည်သာဖြစ် ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment