Wednesday, March 1, 2023

ဂရိသယ်ယူပို့ဆောင်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့ခြင်း

 Foxnews; Mar-2(Thu)

ဂရိနိုင်ငံတွင် ခရီးသည်တင်ရထားတစ်စီးနှင့် ကုန်တင်ရထားတစ်စီး မျက်နှာ ချင်းဆိုင်တိုက်မိ၍ တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၅၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ ဦးရေထပ်မံတိုးလာမည်ကို တာဝန်ရှိသူများက စိုးရိမ်လျက်ရှိကြောင်းနှင့် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဂရိသယ်ယူပို့ဆောင်ရေးဝန်ကြီး ကော့စ်တက်စ်ကာရာမန်လီစ် (Kostas Karamanlis) သည် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း Foxnews သတင်းဌာနက မတ်လ ၂ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါရထားတိုက်မှုသည် အေသင် (Athens) မြို့၏ မြောက်ဘက် ၂၃၆ မိုင်အကွာရှိ တန်ပီ (Tempe) မြို့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း ဂရိ ဝန်ကြီးချုပ် ကူရီယာကော့စ်မစ်ဆိုတာကစ် (Kyriakos Mitsotakis) က ရုပ်မြင်သံကြား၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။

အထက်ပါဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နှောင်းပိုင်းတွင် မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင်ရထားပေါ်၌ လူ ၃၀၀ ဦးကျော် တင်ဆောင်လာခြင်း ဖြစ်ကာ မတ်လ ၂ ရက်အထိ စာရင်းများအရ လူ ၅၇ ဦးသေဆုံးခဲ့ပြီး ၅၀ ဦးကျော်အား ဆေးရုံတင်ထားကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြထားပါသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဂရိအစိုးရသည် လာရိစ်ဆာ (Larissa) ဘူတာရုံတာဝန် ရှိသူအား လူသေမှု၊ ပေါ့ဆမှုနှင့် ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှုတို့ဖြင့် မတ်လ ၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး ၎င်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမှုမှန်ပေါ်ပေါက်စေရန် အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် ကြိုးစားလျက်ရှိပါသည်။ ယခုဖြစ်ပွားသည့် ဖြစ်စဉ်သည် မည်သည့်အမှားအယွင်းမှမရှိကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုသာ ဖြစ်ကြောင်း၊ အသက် ၅၉ နှစ်အရွယ် အချက်ပြတာဝန်ခံအလုပ်သမားက ပြောကြားခဲ့ သည်ဟုလည်း သတင်းအရင်းအမြစ်များက ဖော်ပြထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment