Wednesday, March 8, 2023

တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ ပုံမှန်ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ဆွေးနွေးသွားမည်ဆိုခြင်း

China.org; Mar-9(Thu)

ရုရှား၊ တူကီယဲ၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး များအနေဖြင့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ပုံမှန်မိတ်ဖက်ဆက်ဆံမှု ပြန်လည် ထူထောင်နိုင်ရန်အတွက် လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံ၊ မြို့တော် မော်စကို၌ တွေ့ဆုံဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာ ဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကာဗူဆိုဂလူအနေဖြင့် တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) သို့ အလည်အပတ် ရောက်ရှိနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမာအဗ္ဗဒူလာဟီရန် (Hossein Amir-Abdollahian) နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ပြန်လည် သင့်မြတ်ရေးဆိုင်ရာဆွေးနွေးပွဲများသို့ အီရန်နိုင်ငံအား ဖိတ်ခေါ်ကြောင်းနှင့် အီရန်နိုင်ငံမှ ပူးပေါင်းပါဝင်ရန် မျှော်လင့်ကြောင်း ကာဗူဆိုဂလူက ထည့်သွင်းပြောကြားခဲ့ပါသည်။ဟိုစိန်အေမာကလည်း အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မူဘောင်အတွင်းမှ တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား မတူကွဲပြားခြားနားမှု များကို ကြားဝင်စေ့စပ်ဖျန်ဖြေပေးရန် အသင့်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများနှင့် ထောက်လှမ်းရေး အကြီးအကဲတို့အနေဖြင့် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေး ပြန်လည်ကောင်းမွန် လာစေရန်နှင့် တင်းမာမှုများကို လျှော့ချနိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရုရှားနိုင်ငံ၊ မြို့တော် မော်စကို၌ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။ အထက်ပါတွေ့ဆုံဆွေးနွေးမှုသည် ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီးယားအစိုးရအား ပြိုကွဲရန် ကြိုးပမ်းလုပ်ဆောင်နေသည့် သူပုန်များကို တူကီယဲ အစိုးရမှ ကျောထောက်နောက်ခံပြုခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများအကြား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော်လည်း သမိုင်းကြောင်းဆိုင်ရာ တင်းမာမှုများကြောင့် ပြီးပြည့်စုံသော မိတ်ဖက်ဆက်ဆံရေး တစ်ရပ်အဖြစ်သို့ လက်ရှိအချိန်အထိ တည်ဆောက်နိုင်ခြင်းမရှိသော နိုင်ငံများဖြစ်ကြ ပါသည်။ နှစ်နိုင်ငံအနေဖြင့် ရေအရင်းအမြစ်ဆိုင်ရာ အငြင်းပွားမှုပြဿနာများ၊ တူကီယဲ နိုင်ငံ၏ ၁၉၃၉ ခုနှစ် Hatay စီရင်စုအား တိုက်ခိုက်သိမ်းပိုက်မှုများ၊ တူကီယဲနိုင်ငံမှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့အား ဆီးရီးယားနိုင်ငံ၏ ကျောထောက်နောက်ခံပြုမှုများ၊ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီးယားအစိုးရအား ပြိုကွဲစေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် သူပုန်များအပေါ် တူကီယဲအစိုးရ၏ ကျောထောက်နောက်ခံပြုမှုများ စသည့်ပြဿနာများကြောင့် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးမှာ ဆိုးရွားသည့်ဘက်သို့သာ ဦးတည်ခဲ့ပါသည်။ ထို့ကြောင့် နှစ်နိုင်ငံ တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေး ပြန်လည်ကောင်းမွန် လာစေရန်နှင့် တင်းမာမှုများကို လျှော့ချနိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရုရှားနိုင်ငံ၊ မြို့တော် မော်စကို၌ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် လက်ရှိတွင်လည်း တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ပုံမှန်မိတ်ဖက်ဆက်ဆံရေး ပြန်လည်ဖြစ်ပေါ်လာစေရန် ကြိုးပမ်းလုပ်ဆောင်မှုအဖြစ် လာမည့်သီတင်းပတ်အတွင်း၌ ရုရှားနိုင်ငံ၊ မြို့တော် မော်စကို၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အနေဖြင့် ဒေသတွင်းနိုင်ငံများ၏ ကြားဝင်စေ့စပ်ဖျန်ဖြေပေးမှုများ ကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများကို အထိုက်အလျောက် ဖြေလျှော့လာနိုင်ဖွယ် ရှိသော်လည်း ပြီးပြည့်စုံသော မိတ်ဖက်ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ရေး အတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ကာ ဆက်လက်အချိန်ယူတည်ဆောက် သွားရနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment