ANI; Jul-10(Mon)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တတိယ အကြိမ်မြောက် သမ္မတသက်တမ်း စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုကဏ္ဍ၌ ဆက်လက်ပါဝင်ရန်၊ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ ကောက်ပဲသီးနှံနှင့် ဓာတ်မြေဩဇာများတင်ပို့ရေးသဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရန်နှင့် NATO အဖွဲ့သို့ ဆွီဒင်ဝင်ရောက်နိုင်ရေးတွင် အဓိကအခန်း ကဏ္ဍကပါဝင်လျက်ရှိမှုကို အနောက်နိုင်ငံများအားပြသရန်တို့အတွက် ကြိုးပမ်းလျက် ရှိကြောင်း ANI သတင်းဌာနက ဇူလိုင်လ ၁၀ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် ယူကရိန်းပဋိပက္ခတွင် NATO အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရုရှား၏စစ်ရေး တိုက်ခိုက်မှုများကိုရှုတ်ချခဲ့ပြီး ယူကရိန်းနိုင်ငံသို့ ဒရုန်းများနှင့် အခြားသောစစ်လက်နက် ပစ္စည်းများပေးပို့ခဲ့ပါသည်။ သို့သော် တစ်ဖက်တွင်လည်း ၎င်းသည် ရုရှားအပေါ် အနောက် နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကိုဆန့်ကျင်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့်ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ကာ စစ်ရေးပဋိပက္ခတွင် ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။
ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား အကျဉ်းသားများလဲလှယ်နိုင်ခဲ့မှုတို့သည် သမ္မတ အာဒိုဂန်၏ သံတမန်ရေးရာအောင်မြင်မှုအဖြစ် ရှုမြင်နိုင်ပါသည်။ လာမည့်လတွင် သမ္မတ ပူတင်သည် တူကီယဲနိုင်ငံသို့လာရောက်နိုင်ဖွယ်ရှိပြီး ၎င်းခရီးစဉ်အတွင်း ရုရှားနှင့် ယူကရိန်းတို့အကြား အကျဉ်းသားလဲလှယ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားထားပါသည်။ ထို့ပြင် ၎င်း၏ အကြီးမားဆုံး သံတမန်ရေးရာအောင်မြင်မှုတစ်ခုသည် စစ်ရေးတိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်ကာလ အတွင်း ယူကရိန်းဆိပ်ကမ်းများမှတစ်ဆင့် ကောက်ပဲသီးနှံများတင်ပို့မည့် ပင်လယ်နက် ကောက်ပဲသီးနှံတင်ပို့ရေးအစီအစဉ် (Black Sea Grain Initiative) ကို ပြီးခဲ့သည့်နှစ်က ဖော်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် ဇူလိုင်လ ၁၇ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အနည်းဆုံး ၃ လ သက်တမ်းထပ်မံတိုးမြှင့်နိုင်ရေးအတွက် သမ္မတ အာဒိုဂန်က ရုရှားနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပါသည်။ NATO အဖွဲ့သို့ ဆွီဒင်နိုင်ငံ ဝင်ရောက်နိုင်ရေးတွင်မူ NATO အဖွဲ့ဝင်နိုင်ငံအားလုံးနီးပါးက သဘောတူလက်ခံထား သော်လည်း ဆွီဒင်က ကာ့ဒ်အကြမ်းဖက်အဖွဲ့ကို နောက်ကွယ်မှထောက်ပံ့ပေးနေသည် ဟူသောအကြောင်းပြချက်ဖြင့် သမ္မတ အာဒိုဂန်က လက်ရှိအချိန်အထိ ခွင့်ပြုပေးခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ အထက်ပါကဲ့သို့လုပ်ဆောင်ခြင်းဖြင့် သမ္မတ အာဒိုဂန်သည် NATO အဖွဲ့၏ကိစ္စရပ်များကို အဓိကဆုံးဖြတ်နိုင်သူတစ်ဦးဖြစ်သည်ဟု အနောက်နိုင်ငံ များကို ပြသလိုခြင်းဖြစ်ကြောင်းနှင့် တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးဖော်ဆောင်သူ တစ်ဦးအဖြစ် ရှုမြင်လာစေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment