Monday, July 10, 2023

တူကီယဲသမ္မတသည် ဒေသတွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ဦးဆောင်သူဖြစ်လာရေး ကြိုးပမ်းလျက်ရှိခြင်း

ANI; Jul-10(Mon)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တတိယအကြိမ်မြောက် သမ္မတသက်တမ်း စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရုရှား-ယူကရိန်းပဋိပက္ခတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကဏ္ဍ၌ ဆက်လက်ပါဝင်ရန်၊ ယူကရိန်း နှင့် ရုရှားနိုင်ငံတို့မှ ကောက်ပဲသီးနှံနှင့် မြေဩဇာများတင်ပို့ရေးသဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရန်နှင့် NATO အဖွဲ့သို့ ဆွီဒင်ဝင်ရောက်နိုင်ရေးတွင် အဓိက အခန်းကဏ္ဍက ပါဝင်လျက်ရှိမှုကို အနောက်နိုင်ငံများအား ပြသရန်တို့အတွက် ကြိုးပမ်း လျက်ရှိကြောင်း ANI သတင်းဌာနက ဇူလိုင်လ ၁၀ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသအကြားတွင် တည်ရှိသည့် တူကီယဲနိုင်ငံ၏ ပထဝီအနေအထားသည် NATO အဖွဲ့အတွက် မဟာဗျူဟာအရ အရေးပါလျက်ရှိပါသည်။ ထို့ပြင် ပင်လယ်နက်ထွက်ပေါက်ကို ချုပ်ကိုင်ထားသည့် တူကီယဲနိုင်ငံသည် NATO အဖွဲ့ သာမက ရုရှားနိုင်ငံအတွက်လည်း အလွန်အရေးပါသောနိုင်ငံတစ်ခုဖြစ်ပါသည်။ တူကီယဲ သည် ၎င်းကဲ့သို့ပထဝီအနေအထားအရ အရေးပါမှုကို အသုံးချကာ NATO အဖွဲ့၊ ရုရှား နိုင်ငံတို့နှင့် ဆက်ဆံရေးတွင် ၎င်းနိုင်ငံအလိုကျပုံဖော်နိုင်ခဲ့ပါသည်။ ဥပမာအားဖြင့် NATO အဖွဲ့ဝင်ဖြစ်သည့် တူကီယဲသည် ၎င်းနိုင်ငံအပေါ် အမေရိကန်က လက်နက်ရောင်းချခြင်း ပိတ်ဆို့ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားထံမှ S-400 ဒုံးကျည်စနစ်များဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်တူကီယဲ၏အဆိုပါလုပ်ရပ်အပေါ် NATO အဖွဲ့က ပြင်းထန်သည့် အရေးယူမှုများပြုလုပ်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ၎င်းကဲ့သို့ NATO အဖွဲ့နှင့် ရုရှားနိုင်ငံတို့အကြားတွင် မျှတသည့်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်သော တူကီယဲ သည် ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့ချိန်တွင်မူ ရုရှားနှင့် အနောက်အုပ်စုတို့ အကြားတွင် ကြားဝင်ဖျန်ဖြေပေးနိုင်သည့်နိုင်ငံဖြစ်လာခဲ့ပါသည်။ ရုရှားနှင့် ယူကရိန်းတို့ အကြား အကျဉ်းသားအပြန်အလှန် လဲလှယ်နိုင်ခဲ့ခြင်း၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလမ်းကြောင်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် စစ်ရေးတိုက်ခိုက်မှုဖြစ်ပွားလျက်ရှိစဉ်အတွင်း ပင်လယ်နက်ကောက်ပဲသီးနှံတင်ပို့ရေးအစီအစဉ် ဖော်ဆောင်နိုင်ခဲ့ခြင်းတို့သည် တူကီယဲ နိုင်ငံ၊ တစ်နည်းအားဖြင့် သမ္မတအာဒိုဂန်၏ သံတမန်ရေးရာအောင်မြင်မှု၊ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုပင် ဖြစ်ပါသည်။ တူကီယဲသည် ရုရှား-ယူကရိန်းပဋိပက္ခတွင် ၎င်းကဲ့သို့ အရေးပါသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိသကဲ့သို့ NATO အဖွဲ့သို့ ဆွီဒင်နိုင်ငံ ဝင်ရောက်နိုင်ရေးကိစ္စရပ်တွင်လည်း အခြားသော NATO အဖွဲ့ဝင်နိုင်ငံအများစု၏ သဘောထားနှင့် ဆန့်ကျင်ကာ ကန့်ကွက်လျက်ရှိပြီး ၎င်းအဖွဲ့တွင် အဓိကအရေးပါသည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်လာစေရေး ကြိုးပမ်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ တူကီယဲနိုင်ငံသည် ၎င်း၏ပထဝီအနေအထားအရအရေးပါမှု၊ ရုရှား-ယူကရိန်းပဋိပက္ခတွင် သံတမန်ရေးရာအောင်မြင်မှုနှင့် NATO အဖွဲ့တွင် အဓိကအရေးပါသည့်နိုင်ငံအဖြစ် ပုံဖော် လျက်ရှိမှုတို့မှတစ်ဆင့် ကမ္ဘာ့ဇာတ်ခုံတွင် နိုင်ငံရေးဩဇာ မြင့်တက်လာစေရန်နှင့် ကမ္ဘာ့ ရေးရာကိစ္စရပ်များတွင် ဦးဆောင်နိုင်ငံဖြစ်လာစေရေး ကြိုးပမ်းလျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment