Monday, July 10, 2023

ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံများပို့ဆောင်ရေးသဘောတူညီချက်ကို သက်တမ်းတိုးမြှင့်နိုင်ရေးသည် ရုရှားနှင့် တူကီယဲသမ္မတတို့အကြား တွေ့ဆုံဆွေးနွေးမှု အပေါ် မူတည်လျက်ရှိခြင်း

CGTN;Jul-10(Mon)

လာမည့်သီတင်းပတ်အတွင်း သက်တမ်းကုန်ဆုံးမည့် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံများပို့ဆောင်ရေး သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေး သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့အကြား တွေ့ဆုံဆွေးနွေးမှုအပေါ် မူတည်လျက်ရှိကြောင်း CGTN သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ ကောက်ပဲသီးနှံများပို့ဆောင်ရေးသဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့်လက္ခဏာကို မတွေ့ရှိရကြောင်း ရုရှားဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ သို့သော် ရုရှားသမ္မတနှင့် တူကီယဲ သမ္မတတို့အကြား ဆွေးနွေးညှိနှိုင်းမှုများသည် အထက်ပါအခြေအနေအား ပြောင်းလဲ နိုင်စွမ်းရှိကြောင်းလည်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။

အဆိုပါသဘောတူညီချက်အား အနည်းဆုံး ၃ လ ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေး အတွက် ရုရှားနိုင်ငံကို တွန်းအားပေးလျက်ရှိကြောင်းနှင့် ရုရှားသမ္မတအနေဖြင့် ဩဂုတ်လအတွင်း တူကီယဲနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တူကီယဲသမ္မတ အာဒိုဂန်က ဇူလိုင်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုသည် သေချာမှုမရှိကြောင်းနှင့် တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်ဆွေးနွေးရန် စီစဉ်ထားခြင်းလည်းမရှိကြောင်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂနှင့် တူကီယဲနိုင်ငံတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ယူကရိန်းနိုင်ငံ၏ ကောက်ပဲသီးနှံများကို ပင်လယ်နက်မှ တစ်ဆင့်ပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment