Wednesday, August 30, 2023

ဂရိနိုင်ငံနှင့်အတူ စစ်လက်နက်ပစ္စည်းများပူးတွဲထုတ်လုပ်သွားမည့် အစီအစဉ်တစ်ရပ်အား အာမေးနီးယားနိုင်ငံက ကြေညာခဲ့ခြင်း

Azatutyun; Aug-31(Thu)

စစ်လက်နက်ပစ္စည်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တီထွင်ထုတ်လုပ် မှုများကို ဂရိနိုင်ငံနှင့်အတူပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာမေးနီးယားနိုင်ငံက ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဂရိနှင့် အာမေးနီးယားနိုင်ငံတို့အကြား သဘောတူညီချက်မူကြမ်းကို အာမေးနီးယားအစိုးရက အတည်ပြုလက်ခံခဲ့ပြီးနောက် အထက်ပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

လစ်သူရေးနီးယားသည် ၂၀၂၆ ခုနှစ်တွင် ၎င်းနိုင်ငံအတွင်း ဂျာမနီတပ်မဟာတစ်ခု ထားရှိရန် ကြိုးပမ်းလျက်ရှိခြင်း

 

 Anadolu Agency; Aug-30(Wed)

             လစ်သူရေးနီးယားသည် ၎င်း၏လုံခြုံရေး ခိုင်မာအားကောင်းလာစေရန်အတွက် ၂၀၂၆ ခုနှစ်တွင် နိုင်ငံအတွင်း၌ ဂျာမနီတပ်မဟာတစ်ခုထားရှိရန် ကြိုးပမ်းလျက် ရှိသည်ဟု လစ်သူရေးနီးယားအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဩဂုတ်လ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။

 

သုံးသပ်ချက်

             လစ်သူရေးနီးယားနိုင်ငံသည် ၁၉၉၀ ပြည့်နှစ် လွတ်လပ်ရေးမရခင်အချိန်ထိ ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါသည်။ ကာလီနင်ဂရက် (Kaliningrad) နယ်မြေအနီး၊ ဘောလ်တစ်ဒေသရှိ  လစ်သူရေးနီးယားနိုင်ငံသည် ရုရှားနိုင်ငံအတွက် ပထဝီအနေအထားအရ မဟာဗျူဟာမြောက် အရေးပါလျက်ရှိပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၂၀၀၄ ခုနှစ်တွင် လစ်သူရေးနီးယားသည် အနောက်တိုင်းဆန်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလာခဲ့ပြီး ဥရောပသမဂ္ဂ (EU) နှင့် NATO အဖွဲ့သို့ ဝင်ရောက်ခဲ့ရာ ရုရှား နိုင်ငံနှင့် ဆက်ဆံရေးတင်းမာလာခဲ့ပါသည်။ ထို့ပြင် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း လစ်သူရေးနီးယားသည် ဥရောပနိုင်ငံများ၏ ကြိုးဆွဲရာအတိုင်း လိုက်ပါ ဆောင်ရွက်လျက်ရှိရာ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။

             လစ်သူရေးနီးယားသည် ၎င်း၏ဘောလ်တစ်ဒေသအပေါ် ရုရှား၏ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာလုပ်ဆောင်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိပြီး ၎င်းနိုင်ငံအတွင်း NATO ၏နိုင်ငံပေါင်းစုံပါဝင်သော တပ်ရင်းတပ်ဖွဲ့များကို ၂၀၁၇ ခုနှစ်မှစတင်၍ တပ်ဖြန့် ချထားခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ခြင်းနှင့် ယူကရိန်းအရှေ့ပိုင်းပဋိပက္ခများတွင် ရုရှား၏ လုပ်ဆောင်ချက်များသည် လစ်သူရေးနီးယား နိုင်ငံအတွင်း NATO အဖွဲ့၏ တည်ရှိမှုနှင့် စစ်ရေးလေ့ကျင့်မှုများကို မြင့်တက်လာစေခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် လစ်သူရေးနီးယားသည် ဘီလာရုဇ်မှတစ်ဆင့် ကာလီနင်ဂရက် ဒေသသို့ ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ဖြတ်တောက်ခြင်းများနှင့် ပိတ်ပင်ခြင်းများအပါအဝင် နယ်စပ်ဂိတ်ပေါက်များနှင့် လမ်းကြောင်းများတွင် တပ်ဖွဲ့ဝင် များကို တိုးချဲ့တပ်ဖြန့်ချထားခြင်းများကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။

             လစ်သူရေးနီးယားသည် NATO အဖွဲ့သို့ အဓိကဝင်ရောက်လာရခြင်းမှာ ရုရှားနှင့် ဘီလာရုဇ်တို့ကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်နိုင်စေရန်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ လက်ရှိတွင် လစ်သူရေးနီးယားနိုင်ငံသည် ၎င်း၏လုံခြုံရေး ပိုမိုခိုင်မာ အားကောင်းလာစေရန်အတွက် ၂၀၂၆ ခုနှစ်တွင် နိုင်ငံအတွင်း၌ ဂျာမနီတပ်မဟာ တစ်ခုထားရှိရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ပြင် လစ်သူရေးနီးယားအနေဖြင့် ရုရှားနှင့် ဘီလာရုဇ်တို့၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဥရောပနိုင်ငံများ၏ စစ်ရေးဆိုင်ရာအကူအညီများကို တိုးမြှင့်တောင်းခံလာသည်ကိုလည်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ လစ်သူရေးနီးယားနိုင်ငံ၏ အဆိုပါအစီအစဉ်အပေါ် ရုရှားနှင့် ဘီလာရုဇ်တို့၏ တုံ့ပြန်ဆောင်ရွက်မှုများ မြင့်တက်လာနိုင်ဖွယ်ရှိပြီး ဒေသတွင်းနိုင်ငံများ အကြား တင်းမာမှုများ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Sunday, August 27, 2023

တူကီယဲနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် သတ္တုလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာတစ်ရပ်လက်မှတ်ရေးထိုးခဲ့ခြင်း

Anadolus Agency; Aug-28(Mon)

တူကီယဲနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် နှစ်နိုင်ငံအကြား သတ္တုလုပ်ငန်း ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းဖော်ဆောင်ပေးနိုင်မည့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တူကီယဲစွမ်းအင်နှင့် သဘာဝအရင်း အမြစ်ဝန်ကြီး အယ်ပါဆလန်ဘေရက်ကာ (Alparslan Bayraktar) က ပြောကြားခဲ့ သည်ဟု Anadolus Agency သတင်းဌာနက ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။

Tuesday, August 22, 2023

တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဆိုခြင်း

     တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် (Hakan Fidan) သည် ဩဂုတ်လ ၂၅ ရက်တွင် ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တူကီယဲနိုင်ငံပိုင် T24 သတင်းဌာနက ဩဂုတ်လ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဖီဒန်သည် ၎င်း၏ ပထမဆုံး ယူကရိန်းခရီးစဉ်အတွင်း ပင်လယ်နက်ဂျုံတင်ပို့ရေးသဘောတူညီချက်ဆိုင်ရာ ကိစ္စရပ်များ၊ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခနှှင့် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေးသွားရန် စီစဉ်ထားရှိပါသည်။ တူကီယဲနိုင်ငံသည် ဂျုံတင်ပို့ရေးသဘောတူညီချက် ပြန်လည် စတင်နိုင်ရေးအတွက် သံတမန်ရေးအရ ပြင်းထန်သောအားထုတ်မှုများကို လုပ်ဆောင် လျက်ရှိကြောင်းနှင့် ဖီဒန်ကို လာမည့်ရက်များတွင် ရုရှားနိုင်ငံသို့လည်း ဆက်လက် စေလွှတ်သွား မည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပိုလန်ရေတပ်၏ MIECZNIK အမည်ရှိ ပထမဆုံး ဖရီးဂိတ်စစ်သင်္ဘောကို စတင် တည်ဆောက်ရန် သံမဏိ ဖြတ်တောက်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ခြင်း

     ပိုလန်ရေတပ်၏ MIECZNIK အမည်ရှိ ပထမဆုံး ဖရီးဂိတ်စစ်သင်္ဘောကို စတင် တည်ဆောက်ရန်အတွက် ပိုလန်နိုင်ငံ၊ ဂဒေးစ်နီးယား (Gdynia) မြို့၌ သံမဏိ ဖြတ်တောက်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း The Defense Post သတင်းဌာနက ဩဂုတ်လ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဖရီးဂိတ်သင်္ဘောစစ်သင်္ဘောကို ၂၀၂၆ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် မျှော်မှန်းထားပြီး ၎င်းတွင် အဆင့်မြင့်ရေဒီယိုလှိုင်းနှုန်း အသုံးပြု၍ တည်နေရာရှာဖွေသည့်စနစ်၊ စက်သေနတ်များ၊ ဒုံးကျည်များ၊ တော်ပီဒိုများ နှင့် အဝေးထိန်းလက်နက်စနစ်များ ပါဝင်မည်ဖြစ်ပါသည်။ ၎င်းစစ်သင်္ဘောတည်ဆောက် ခြင်းသည် ပိုလန်၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးခြင်းဖြစ်သည့်အပြင် NATO အဖွဲ့အတွက်လည်း ပံ့ပိုးကူညီမှုဖြစ်စေနိုင်ကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံသည် ဂရိနိုင်ငံကို အကူအညီပေးအပ်ရန် ကမ်းလှမ်းခဲ့ခြင်း

     တူကီယဲနိုင်ငံသည် အိမ်နီးချင်းဂရိနိုင်ငံတွင် ဖြစ်ပွားနေသည့် တောမီးလောင် ကျွမ်းမှုများကို ငြိမ်းသတ်နိုင်ရေးအတွက် အကူအညီများပေးအပ်ရန် ကမ်းလှမ်းထားကြောင်း တူကီယဲသံတမန်ရေး သတင်းအရင်းအမြစ်များကိုကား၍ Anadolu Agency သတင်း ဌာနက ဩဂုတ်လ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ဂရိနိုင်ငံ၊ အလက်ဇန်း ဒရိုပိုလစ် (Alexandroupolis) နှင့် ရိုဒိုပီ (Rodopi) မြို့များတွင် ဆက်လက်လောင်ကျွမ်း နေသည့် တောမီးလောင်ကျွမ်းမှုများအတွက် ဂရိနိုင်ငံသို့ လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၂ စီးနှင့် လူ ၆၀ ပါ မြေပြင်အထောက်အကူပြုအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန် အသင့်ဖြစ်နေ ကြောင်းနှင့် အဆိုပါကမ်းလှမ်းချက်ကို ဂရိအာဏာပိုင်များထံ ဩဂုတ်လ ၂၁ ရက်တွင် ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ ဂရိနိုင်ငံအရှေ့မြောက်ပိုင်း အလက်ဇန်းဒရိုပိုလစ် ပြည်နယ်၌ ဩဂုတ်လ ၁၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုကြောင့် သစ်တောနှင့် စိုက်ပျိုးရေးဧရိယာအများအပြားပျက်စီးခဲ့ရကြောင်း သိရှိရပါသည်။

Monday, August 21, 2023

Apache ရဟတ်ယာဉ်များ ပိုလန်နိုင်ငံသို့ ရောင်းချပေးမည့်အစီအစဉ်တစ်ရပ်ကို ပင်တဂွန်ကာကွယ်ရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက အတည်ပြုခဲ့ခြင်း

 

Almayadeen; Aug-21(Mon)

             ပင်တဂွန်ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီအနေဖြင့် ပိုလန်နိုင်ငံသို့ AH-64E Apache ရဟတ်ယာဉ်များ ရောင်းချမည့် အစီအစဉ်တစ်ရပ်ကို ဩဂုတ်လ ၂၁ ရက်တွင် အတည်ပြုခဲ့ကြောင်း Almayadeen သတင်းဌာနက ရေးသား ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

             ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် ပိုလန်နိုင်ငံသည် ၎င်းနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်၍ ကာကွယ်ရေးစွမ်းအားကို မြှင့်တင် နိုင်ရေးအတွက် စစ်လက်နက်ပစ္စည်းအမြောက်အမြားကို ဝယ်ယူဖြည့်တင်းလျက်ရှိ ပါသည်။ ပိုလန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ K2 တင့်ကား အစီး ၁,၀၀၀ ဝယ်ယူရန် အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ HIMARS တာဝေးပစ်ဒုံးပစ်လောင်ချာ ပထမအသုတ်ကို လက်ခံရရှိခဲ့ကြောင်း ပိုလန်အမျိုးသားကာကွယ်ရေးဝန်ကြီး မာရွတ်ဇ် ဘလက်ဇက် (Mariusz Blaszczak) က ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်တွင် ပြောကြား ခဲ့ပါသည်။

             လက်ရှိတွင်လည်း ပိုလန်နိုင်ငံသည် အမေရိကန်နိုင်ငံမှ AH-64E Apache ရဟတ်ယာဉ်များကို ဝယ်ယူခွင့်ရရှိတော့မည်ဖြစ်ပါသည်။ ထို့ပြင် ပိုလန်နိုင်ငံသည် မဟာမိတ်နိုင်ငံများနှင့်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ပိုလန် နိုင်ငံသည် ရုရှားနိုင်ငံ၏မဟာမိတ်နိုင်ငံဖြစ်သော ဘီလာရုဇ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ဘီလာရုဇ်နိုင်ငံ၌ Wagner ကြေးစားတပ်ဖွဲ့ဝင်များ တည်ရှိနေသောကြောင့် ၎င်းနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်နိုင်ရန်နှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းများတိုးမြှင့်ဝယ်ယူ ခြင်းသည် နိုင်ငံ၏ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သကဲ့သို့ ဒေသတွင်းခြိမ်းခြောက်မှုအန္တရာယ်များအပေါ် ထိရောက်စွာတုံ့ပြန်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


 

Sunday, August 20, 2023

ရုရှားသမ္မတနှင့် တူကီယဲသမ္မတတို့တွေ့ဆုံသွားမည် ဆိုခြင်း

     ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) အနေဖြင့် ပင်လယ်နက်ကောက်ပဲ သီးနှံတင်ပို့ရေးဆိုင်ရာ သဘောတူညီချက်နှင့်စပ်လျဉ်း၍ လာမည့်စက်တင်ဘာလတွင် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခွင့်ပြုမည်ဆိုပါက အချိန်ဇယား တိုက်ဆိုင်မှုများ ရှိလာနိုင်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)က ပြောကြားခဲ့သည် ဟု Middle East Monitor သတင်းဌာနက ဩဂုတ်လ ၂၁ ရက်တွင်ဖော်ပြခဲ့ပါသည်။ လာမည့်စက်တင်ဘာတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးအစည်း အဝေး၊ အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတို့နှင့် တိုက်ဆိုင်မှုရှိခြင်းကြောင့် အထက်ပါအတိုင်း ပြောကြားရခြင်းဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံခြားရေး ဝန်ကြီး ဟာကန်ဖီဒန်(Hakan Fidan) သည် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲ ပြုလုပ်ရန် အတွက် မကြာမီအချိန်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း နှင့် ဆွေးနွေးစဉ် အတွင်း ပိုမိုကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဆားဗီးယားနိုင်ငံသည် တူကီယဲနိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်မှုကို ဆက်လက် ထိန်းသိမ်းသွားမည်ဆိုခြင်း

     ဆားဗီးယားနိုင်ငံသည် တူကီယဲနိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်မှုကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဆားဗီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဩဂုတ်လ ၂၁ ရက် တွင်ဖော်ပြခဲ့ပါသည်။ ဆားဗီးယားသမ္မတ သည် ဟန်ဂေရီနိုင်ငံ၊မြို့တော် ဘူဒါပါတ်စ် (Budapest) တွင် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံပြီးနောက် အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံမှုအတွင်း ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုထိန်းသိမ်းရန် အရေးကြီး ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ် ကြောင်း ဆွေးနွေးခဲ့ကြသည်ဟုသိရှိရပါသည်။

Thursday, August 17, 2023

တူကီယဲနှင့် တရုတ်နိုင်ငံတို့သည် ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအာအားကောင်းစေရေး ကတိပြုခဲ့ကြခြင်း

     တူကီယဲနှင့် တရုတ်နိုင်ငံတို့သည် ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအာအားကောင်းစေရေး ကတိပြုခဲ့ကြကြောင်း Xinhua သတင်းဌာနက ဩဂုတ်လ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍမြှင့်တင်ခြင်းဖြင့် လက်ရှိ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန် လာစေရန် မျှော်မှန်းထားကြောင်း တူကီယဲ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ၏ ဒုတိယအထွေထွေမန်နေဂျာ အီလစ်ဘယ်စီဖီဆူနိုဂလူ (Elif Balci Fisunoglu) က တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ပြုလုပ်သည့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေး အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံသို့ လာရောက် လည်ပတ်သည့် တရုတ်နိုင်ငံသားခရီးသွားအရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် ၄၂၆,၀၀၀ ဦးကျော်ရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် လာရောက်လည်ပတ်သူ ၁ သန်းအထိ မြင့်တက်လာရန် မျှော်မှန်းထားကြောင်း ဖီဆူနိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဘောလ်တစ် ၃ နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သည် ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဂိတ်များအား အပြီးသတ်ပိတ်သိမ်းရန် ဆွေးနွေးခဲ့ခြင်း

 

Anadolu Agency; Aug-17 (Thu)

             ဘောလ်တစ် ၃ နိုင်ငံဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေး နီးယားနိုင်ငံနှင့် ပိုလန်နိုင်ငံတို့သည် ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဂိတ်များ  အပြီးပိတ်သိမ်းမည့် အဆိုပြုချက်အား ဆွေးနွေးခဲ့ကြောင်း လစ်သူရေးနီးယားနိုင်ငံပိုင် Anadolu Agency သတင်းဌာနက ဩဂုတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

               ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်ဖြစ်ပွားခဲ့သော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် NATO အဖွဲ့ဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေး နီးယားနှင့် ပိုလန်နိုင်ငံတို့သည် ယူကရိန်းနိုင်ငံအား ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။ အဆိုပါ ၄ နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ဘီလာရုဇ် နိုင်ငံသည် ရုရှားနိုင်ငံ၏မဟာမိတ်ဖြစ်ပြီး ရုရှား၏လုပ်ဆောင်ချက်များအား ထောက်ခံ လျက်ရှိသော နိုင်ငံဖြစ်ပါသည်။ ထို့ပြင် ရုရှားနိုင်ငံသည် ၎င်း၏အရန်တပ်ဖွဲ့ဖြစ်သော Wagner Group အား ဘီလာရုဇ်သို့ ပြောင်းရွှေ့တပ်ဖြန့်ထားလျက်ရှိရာ အထက်ပါ  ၄ နိုင်ငံ သည် ၎င်းတို့၏ နယ်စပ်လုံခြုံရေးအား စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် ပိုလန်အစိုးရသည် Wagner Group မှ နိုင်ငံအတွင်းသို့ ကျူးကျော်မှုများ ပြုလုပ်လာမည် ဆိုပါက ခုခံကာကွယ်နိုင်ရန်အတွက် ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသသို့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦးအား ဩဂုတ်လ ၁၀ ရက်တွင် စေလွှတ်တပ်ဖြန့်ချထားခဲ့ပြီး နယ်စပ်ဂိတ်များအား ပိတ်သိမ်းခဲ့ပါသည်။

             အလားတူ လစ်သူရေးနီးယားနိုင်ငံသည်လည်း ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ် ၆ ခုအနက် ၂ ခုအား ဩဂုတ်လ ၁၈ ရက်တွင် စတင်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အစိုးရက ဩဂုတ်လ ၁၆ ရက်တွင် ကြေညာခဲ့ပါသည်။ ဘီလာရုဇ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အထက်ပါ ၄ နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လုံခြုံရေးကို ရှေးရှု၍ ဘီလာရုဇ်နှင့်ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်အားလုံးကိုပိတ်ရန် စီစဉ်လျက် ရှိပါသည်။ ၎င်းနိုင်ငံများသည် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ ဩဂုတ်လ ၂၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ဆွေးနွေးပွဲအတွင်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက် ချနိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အဆိုပါ ၄ နိုင်ငံအနေဖြင့် နယ်စပ်ဂိတ်များ အား ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ပါက ဘီလာရုဇ်နိုင်ငံနှင့်ဆက်ဆံရေးမှာ ယခုထက် ပိုမိုတင်းမာလာနိုင်ပြီး ဘောလ်တစ်ဒေသအတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်လာ နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။