AP; Aug–8(Tue)
ပိုလန်နိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲကို အောက်တိုဘာလ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးမှုများကို တရားဝင် စတင်လုပ်ဆောင်လျက်ရှိကြောင်း ပိုလန်သမ္မတ အန်ဒရတ်ဇ်ဒူဒါ (Andrzej Duda) က ဩဂုတ်လ ၈ ရက်တွင် ကြေညာခဲ့ပါသည်။ ပိုလန်အနေဖြင့် အမတ်နေရာ ၄၆၀ ရှိသည့် အောက်လွှတ်တော်နှင့် အမတ်နေရာ ၁၀၀ ရှိသော အထက်လွှတ်တော် ရွေးကောက်ပွဲ များကို အောက်တိုဘာလ ၁၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်။ ၄ နှစ် သက်တမ်းအတွက် လွှတ်တော်အမတ်များကို ရွေးချယ်မည်ဖြစ်ပြီး မဲအများဆုံးရရှိသည့် ပါတီသည် အစိုးရသစ်ဖွဲ့စည်းနိုင်မည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှစ၍ ပိုလန်နိုင်ငံကို အုပ်ချုပ်ခဲ့သော ကွန်ဆာဗေးတစ်ပါတီတစ်ခုဖြစ်သည့် Law and Justice ပါတီသည် ရွေးကောက်ပွဲအနိုင်ရရန် ရေပန်းအစားဆုံးပါတီဖြစ်သော်လည်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရန် ခက်ခဲနိုင်ဖွယ်ရှိကြောင်း စစ်တမ်းများက ဖော်ပြထားပါသည်။
လက်ရှိအာဏာရ Law and Justice ပါတီသည် ပိုလန်ဝန်ကြီးချုပ်ဟောင်းနှင့် ဥရောပကောင်စီဥက္ကဋ္ဌဟောင်း ဒေါ်နယ်တက်စ်ခ် (Donald Tusk) ဦးဆောင်သည့် Civic Coalition ပါတီအစုအဖွဲ့ထက် လူထုထောက်ခံမှု အနည်းငယ်သာလွန်လျက်ရှိပါသည်။ တက်စ်ခ်၏ပါတီအပေါ် လူထုထောက်ခံမှုသည် ပြီးခဲ့သည့်လများအတွင်း တိုးမြင့်လာခဲ့ ပါသည်။ လက်ရှိတွင် အာဏာရပါတီသည် ၎င်း၏အရှေ့ဘက်နယ်စပ်များတစ်လျှောက်၌ မတည်ငြိမ်မှုများကြောင့် အမျိုးသားကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် လူထုထောက်ခံမှုပိုမိုရရှိရန် ကြိုးပမ်းလျက်ရှိပါသည်။ လက်ရှိအာဏာရပါတီဦးဆောင်သည့် ပိုလန်အစိုးရသည် ဘီလာရုဇ်နယ်စပ်တွင် လုံခြုံရေးမြှင့်တင်ရန်အတွက် တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားပြီး လာမည့်ဩဂုတ်လ ၁၅ ရက်တွင်ကျရောက်မည့် ပိုလန်တပ်မတော်နေ့တွင် စစ်ရေးပြအခမ်းအနားကြီးတစ်ခုပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment