Tuesday, August 8, 2023

အယ်လ်ဘေးနီးယားရွေးကောက်ပွဲမတိုင်မီ ဖမ်းဆီးခံခဲ့ရသည့် ဂရိလူမျိုးစု ကိုယ်စားလှယ်လောင်းနှင့်ပတ်သက်၍ ဂရိဘက်က သတိပေးပြောကြားခဲ့ခြင်း

Anadolu Agency; Aug-8(Tue)

    အယ်လ်ဘေးနီးယားနိုင်ငံ၌ မေလ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒေသန္တရ ရွေးကောက်ပွဲမတိုင်မီကာလတွင် ဂရိလူနည်းစုကိုယ်စားလှယ်လောင်းတစ်ဦးအား မဲဝယ် ယူမှုပြုလုပ်ရန်ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်ဖြင့် အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းနှင့် ယခုအချိန်အထိ ၎င်းအား ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်း သည် အယ်လ်ဘေးနီးယားနိုင်ငံ၏ EU အဖွဲ့ဝင်လျှောက်ထားမှုကို ထိခိုက်စေမည်ဖြစ် ကြောင်း ဂရိဘက်က သတိပေးပြောကြားခဲ့ပါသည်။ အယ်လ်ဘေးနီးယားအာဏာပိုင် များ၏ ထိုကဲ့သို့ တရားဥပဒေများကို လျစ်လျူရှုဆောင်ရွက်မှုကြောင့် EU အဖွဲ့ဝင်ဖြစ်ရေးတွင် တိုးတက်မှုရှိမည်မဟုတ်ကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ်ဂီရာပီထရီတစ် (George Gerapetritis) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ တင်းမာမှုများ ဖြစ်ပေါ်စေရန် ဖန်တီးလုပ်ဆောင်ခဲ့မှုသည် အကျိုးကျေးဇူးတစ်စုံတစ်ရာ ထွက်ပေါ်လာ မည်မဟုတ်ဘဲ ဂရိနှင့် အယ်လ်ဘေးနီးယားနိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်စေ ကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

    အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူမှာ ဂရိလူနည်းစုကိုယ်စားလှယ်လောင်း ဖြစ်သူ ဖရတ်ဒီဘယ်လာရီ (Fredi Beleri) ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမည့် မေလ ၁၄ ရက် မတိုင်မီ ၂ ရက်အလိုတွင် အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ဖမ်းဆီးခံခဲ့ရသော်လည်း ၎င်းသည် ရွေးကောက်ပွဲတွင် လူနေထူထပ်သော ဟိုင်မဲရ် (Himare) မြို့၏ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရပါသည်။ လက်ရှိအချိန်အထိ အယ်လ်ဘေးနီးယားအာဏာပိုင်များက ၎င်းအား ဆက်လက်ဖမ်းဆီးထားခြင်းသည် တရားဥပဒေမဲ့သည့်လုပ်ရပ်ဖြစ်ပြီး နှစ်ဖက်တင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ဂရိ အစိုးရအနေဖြင့်လည်း အယ်လ်ဘေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကန့်ကွက်လွှာ ပေးပို့ထားကြောင်းနှင့် အယ်လ်ဘေးနီးယား၏ EU အဖွဲ့ဝင်ဖြစ်ရေးကို ကန့်ကွက်မည်ဟု ဂရိဝန်ကြီးချုပ်က မေလ ၁၅ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment