Aljazeera; Aug-16(Wed)
NATO အဖွဲ့ဝင် ပိုလန်နိုင်ငံသည် ၁၉၂၀ ပြည့်နှစ်တွင် ဆိုဗီယက်တပ်များကို အောင်ပွဲခံခဲ့သည့်အထိမ်းအမှတ်အဖြစ် စစ်အေးတိုက်ပွဲနောက်ပိုင်း စစ်ရေးပြအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်ရောက်တိုင်း နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါသည်။ အိမ်နီးချင်း ယူကရိန်း နိုင်ငံ၌ စစ်ရေးပဋိပက္ခများပြင်းထန်နေချိန်တွင် နိုင်ငံ၏ ခေတ်မီအဆင့်မြင့်လက်နက်များကို ပြသခြင်းဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း လာမည့်အောက်တိုဘာလတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပါသည်။ အဆိုပါစစ်ရေးပြအခမ်းအနားသည် ဝါဆောတိုက်ပွဲတွင် ပိုလန်တပ် များက ဆိုဗီယက်ယူနီယံတပ်နီတော်ကို အောင်ပွဲရခဲ့သည့် (၁၀၃)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ပိုလန်နိုင်ငံ၏ အာဏာရတရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုပါတီ (PiS) သည် ပိုလန်စစ်ဘက်၏ စွမ်းရည်မြှင့်တင်မှုကို ဦးစားပေးလုပ်ဆောင်ခဲ့ပါသည်။ စစ်ရေးပြအခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများ ထုတ်ဖော်ပြသမှုသည်လည်း အစိုးရ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတစ်ခုဖြစ်သကဲ့သို့ နိုင်ငံ၏ လုံခြုံရေးအာမခံချက်ပေးနိုင်မှုကို ပြသခဲ့ခြင်းဖြစ်ပါသည်။
ပိုလန်နိုင်ငံ၏ အရှေ့ဘက်နယ်စပ်၊ ဥရောပသမဂ္ဂ၏နယ်နိမိတ်နှင့် NATO ၏ နယ်နိမိတ်များကို ကာကွယ်ရေးသည် ပိုလန်နိုင်ငံ၏ အကျိုးစီးပွားအတွက် အဓိက ကျသည်ဟုလည်း ပိုလန်သမ္မတ အန်ဒရတ်ဇ်ဒူဒါ (Andrzej Duda) က စစ်ရေးပြ အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။ ဝါဆောမြို့တော်၏ လမ်းများတစ်လျှောက်ပြုလုပ်သည့် စစ်ရေးပြချီတက်ပွဲ၌ အမေရိကန်ထုတ် Abrams တင့်ကားများ၊ HIMARS ယာဉ်တင် ဒုံးလက်နက်စနစ်များ၊ Patriot ဒုံးကျည်စနစ်များပါဝင်ခဲ့ပြီး F-16 တိုက်လေယာဉ်များ၊ တောင်ကိုရီးယားထုတ် FA-50 တိုက်လေယာဉ်များ၊ K9 ဟောင်ဝစ်ဇာများ၊ Krab ချိန်းတပ် ယာဉ်တင်အမြောက်များနှင့် Rosomak သံချပ်ကာ သယ်ယူပို့ဆောင်ရေးယာဉ်များ အပါအဝင် ပိုလန်ထုတ်စစ်လက်နက်ပစ္စည်းများကိုလည်း ထုတ်ဖော်ပြသခဲ့ပါသည်။ ပိုလန် တပ်ဖွဲ့ဝင်များအပါအဝင် အခြားသော NATO အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့်၊ စစ်ဘက်ယာဉ် ၂၀၀ စီးနှင့် လေယာဉ် ၁၀၀ စီးအပြင် အခြားသောစစ်လက်နက်ပစ္စည်းများ ကိုလည်း ထည့်သွင်းပြသခဲ့ကြပါသည်။ ပိုလန်၏ ၂၀၂၃ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး NATO နိုင်ငံအားလုံးတွင် ဂျီဒီပီ၏ ၄ ရာခိုင်နှုန်းအထိ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ပိုလန်သမ္မတက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment