DW; Aug-8 (Tue)
ပိုလန်နယ်စပ်မှတစ်ဆင့် ဥရောပသမဂ္ဂသို့ ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက် နိုင်ရေးအတွက် ဘီလာရုဇ်နှင့်ရုရှားနိုင်ငံတို့သည် လျှို့ဝှက်အစီအစဉ်များကို လုပ်ဆောင် လျက်ရှိကြောင်း ပိုလန်နိုင်ငံက ဩဂုတ်လ ၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ဘီလာရုဇ် နိုင်ငံသည် ဥရောပသမဂ္ဂကို ဆန့်ကျင်သည့် မျိုးစပ်စစ်ပွဲများကိုဖန်တီးရန် ရွှေ့ပြောင်း ဒုက္ခသည်များကို အသုံးချနေသည့်အတွက် ပိုလန်နယ်ခြားစောင့်တပ်သည် ဘီလာရုဇ် နယ်စပ်တွင် တပ်ဖွဲ့ဝင် ၁,၀၀၀ ဦး ထပ်မံချထားရန် ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ပါသည်။ ပိုလန်-ဘီလာရုဇ်နယ်စပ်တွင် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်း ဒုက္ခသည်များ သောင်တင်နေသည့်အတွက် လွန်ခဲ့သော ၂ နှစ်ကဖြစ်ပေါ်ခဲ့သည့် ရွှေ့ပြောင်း ဒုက္ခသည်အရေးကဲ့သို့ ယနေ့အခြေအနေသည်လည်း မငြိမ်မသက်ဖြစ်နေကြောင်း ပိုလန် ဒုတိယပြည်ထဲရေးဝန်ကြီး မက်ဆီဝါဆစ် (Maciej Wasik) က ပြောကြားခဲ့ပါသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းဒုက္ခသည် များသည် အိမ်နီးချင်းဘီလာရုဇ်နိုင်ငံမှ ပိုလန်နိုင်ငံသို့ ရောက်ရှိရေးအတွက် ကြိုးပမ်းခဲ့ ကြပါသည်။ ဘီလာရုဇ်နိုင်ငံမှ ဆောင်ရွက်နေသည့် ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ လျှို့ဝှက်ဝန်ဆောင်မှုများသည် တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ရာဇဝတ်ဂိုဏ်းများ ကိုဖြစ်ပေါ်လာစေပြီး ၎င်းမှတစ်ဆင့် ဘီလာရုဇ်သည် ကြီးမားသော အမြတ်အစွန်းများ ကိုရရှိနေကြောင်း ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲ တိုမက်ဇ်ပရာဂါ (Tomasz Praga) က ပြောကြားခဲ့ပါသည်။ အနောက်နိုင်ငံအစိုးရများကလည်း ဘီလာရုဇ်နိုင်ငံသည် မျိုးစပ်စစ်ပွဲများကို ဖန်တီးနေကြောင်း စွပ်စွဲထားပြီး ဘီလာရုဇ်ကလည်း ငြင်းဆိုထား ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဘီလာရုဇ်မှ ပိုလန်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းဒုက္ခသည် ၁၆,၀၀၀ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၁၉,၀၀၀ ဦးထိ မြင့်တက်လာ ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment