Tuesday, August 8, 2023

ဂရိနိုင်ငံသည် တူကီယဲနိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်နိုင်ရန် မျှော်လင့်လျက်ရှိခြင်း

Daily Sabah; Aug-8(Tue)

    ဂရိနိုင်ငံသည် တူကီယဲနိုင်ငံနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးမြှင့်တင်ရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများပြုလုပ်သွားရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဂရိ နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ်ဂီရာပီ ထရီတစ် (George Gerapetritis) က ပြောကြားခဲ့သည်ဟု Daily Sabah သတင်းဌာနက ဩဂုတ်လ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများအားကာကွယ် စောင့်ရှောက်ရေး၊ ခရီးသွားလုပ်ငန်း စသည့်ဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်စေရေး အပြုသဘောဆောင်သော လုပ်ငန်းစဉ် များကို အထောက်အကူပြုစေရန်အတွက် ကြိုးစားဆောင်ရွက်သွားရန် ဂရိနိုင်ငံခြားရေး ဝန်ကြီးနှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် (Hakan Fidan) တို့က လိုလား ခဲ့ကြပါသည်။ ပင်လယ်ရေကြောင်းနယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့နှစ်နိုင်ငံအကြား ကြီးမားသောအငြင်းပွားမှုဖြစ်စေသည်ဟု ဂီရာပီထရီတစ်က ပြောကြားခဲ့ပါသည်။

    လွန်ခဲ့သည့်လတွင် ဂရိနိုင်ငံခြားရေးဝန်ကြီးသည် ရေကြောင်းနယ်နိမိတ်နှင့် ပတ်သက်၍ ကာလကြာရှည်စွာတည်ရှိနေသည့် ၎င်းပြဿနာကိုဖြေရှင်းရန်အတွက် တူကီယဲနှင့် ဆွေးနွေးရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အငြင်းပွားမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The-Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းပေးရန် စဉ်းစားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdoğan) နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) တို့သည် လစ်သူယေးနီးယား နိုင်ငံ၊ ဗီလ်နီးယပ်စ် (Vilnius) တွင် ဇူလိုင်လအတွင်းကျင်းပခဲ့သော NATO ထိပ်သီး အစည်းအဝေး၌တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကြား တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ဆက်သွယ်ရေးလမ်းကြောင်းများဖွင့်လှစ်ရန်နှင့် အဆင့်မြင့်ဆွေးနွေးပွဲ များကို ယခုနှစ်နှောင်းပိုင်းတွင် ဂရိနိုင်ငံ၊ သက်စလိုနီကီ (Thessaloniki) မြို့တွင်ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment