Saturday, August 12, 2023

ပိုလန်အစိုးရသည် ရွေးကောက်ပွဲမတိုင်မီတွင် EU ဆန့်ကျင်ရေးနှင့်ဂျာမနီဆန့်ကျင်ရေး တို့ကို လုပ်ဆောင်လျက်ရှိခြင်း

Channel News Asia; Aug-12(Sat)

    ပိုလန်အစိုးရသည် လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲများမတိုင်မီတွင် ၎င်း၏သစ္စာရှိ မဲဆန္ဒရှင်အများစုကိုစည်းရုံးရန် မျှော်မှန်းချက်ဖြင့် ဂျာမန်ဆန့်ကျင်ရေးနှင့် ဥရောပသမဂ္ဂ (EU) ဆန့်ကျင်ရေး ရပ်တည်ချက် များကို ပိုမိုလုပ်ဆောင်နေသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားထားကြောင်း CNA သတင်းဌာနက ဩဂုတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ လာမည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် ဂျာမနီနိုင်ငံအနေဖြင့် ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်လာနိုင် သည်ဟုလည်း ပိုလန်နိုင်ငံ၏အာဏာရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု (PiS) ပါတီ အကြီးအကဲ ဂျာရို့စ်လောကာဇင်စကီး (Jaroslaw Kaczynski) က ဩဂုတ်လ ၁၁ ရက်တွင် ပြောကြားခဲ့ပါသည်။ ကာဇင်စကီးသည် ပိုလန်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော်လည်း လက်ရှိတွင်ပိုလန်နိုင်ငံ၏ ခေါင်းဆောင် အဖြစ် သတ်မှတ်ခံရသူတစ်ဦးလည်းဖြစ်ပါသည်။

     နိုင်ငံ၏ အဓိကအတိုက်အခံပါတီမှာ Civic Platform (PO) ပါတီဖြစ်ပြီး ပါတီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk) သည် ပိုလန်ဝန်ကြီးချုပ်ဟောင်းနှင့် ဥရောပကောင်စီ ဥက္ကဋ္ဌ ရာထူးတာဝန်များထမ်းဆောင်ခဲ့သူဖြစ်ကာ အစိုးရဆန့်ကျင်ရေးလုပ်ရပ်များကို ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော သဘောထားစစ်တမ်းများအရ အတိုက်အခံ PO ပါတီသည် အောက်တိုဘာလတွင် ပြုလုပ်မည့်ရွေးကောက်ပွဲ၌ အာဏာရ PiS ပါတီကို ခြိမ်းခြောက်လာနိုင်သည်ဟုလည်း သတင်းအရင်းအမြစ်က ဖော်ပြကြပါသည်။ လက်ရှိအာဏာရပါတီသည် စစ်တမ်းကောက်ယူ မှုများအရ လူထုထောက်ခံမှု ၃၃ ရာခိုင်နှုန်းဖြင့် အသာစီးရနေသော်လည်း အတိုက်အခံ PO ပါတီသည် ၂၆ မှ ၃၂ ရာခိုင်နှုန်းကြားထိ လူထုထောက်ခံမှုရရှိနေပါသည်။ ဂျာမန် ဆန့်ကျင်ရေးစကားသံများသည် အာဏာရ PiS ပါတီကို အကျိုးရှိစေပြီး သစ္စာရှိမဲဆန္ဒရှင် အများစုကို စည်းရုံးရာတွင် အထောက်အကူဖြစ်စေကြောင်းလည်း ပိုလန်နိုင်ငံရေး လေ့လာသူ မာစင်ဇာဘိုရိုစကီး (Marcin Zaborowski) က ပြောကြားထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment