Estoniaworld; Sep-11(Mon)
အက်စတိုးနီးယားနှင့် လတ်ဗီးယားတို့သည် ဂျာမနီနိုင်ငံ၏ Diehl ကာကွယ်ရေး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီမှ IRIS-T SLM အမျိုးအစား တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူရန်အတွက် ဂျာမနီနိုင်ငံနှင့် သဘောတူညီချက် တစ်ရပ်အား ဂျာမနီနိုင်ငံ၊ နုရမ်ဘာ့ဂ် (Nuremberg) မြို့၌ စက်တင်ဘာလ ၁၁ ရက်တွင် ကျင်းပပြုလုပ်သည့် ၃ နိုင်ငံကာကွယ်ရေးဝန်ကြီးအဆင့်အစည်းအဝေးအတွင်း လက်မှတ် ရေးထိုးခဲ့ပါသည်။ အက်စတိုးနီးယား၏ ဂျာမနီမှ ယူရို သန်း ၄၀၀ နီးပါးဝယ်ယူမှုသည် အက်စတိုးနီးယားသမိုင်းတစ်လျှောက် အကြီးမားဆုံး ကာကွယ်ရေးစစ်လက်နက်ပစ္စည်း ဝယ်ယူသည့်စာချုပ်ဖြစ်ပါသည်။ အဆိုပါစနစ်အားဝယ်ယူပြီးနောက် အက်စတိုးနီးယားနှင့် လက်ဗီးယားနိုင်ငံတို့၏ လေပိုင်နက်လုံခြုံရေးကို သိသိသာသာတိုးမြှင့်လာနိုင်မည်ဖြစ်ပြီး ပြည်သူများ၊ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလည်း အကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
အဆိုပါ IRIS-T SLM လေကြောင်းရန်ကာကွယ်ရေးစနစ်သည် လူလိုက်ပါသော၊ သို့မဟုတ် မောင်းသူမဲ့လေယာဉ်များ၊ ခရုဇ်ဒုံးကျည်များ၊ ပဲ့ထိန်းလက်နက်စနစ်များနှင့် ပဲ့ထိန်းဒုံးကျည်အမျိုးအစားအချို့ကို တိုက်ခိုက်ရန်အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထား ကြောင်း ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုစင်တာမှ ပြောရေးဆိုခွင့်ရှိသူက BNS သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါစနစ်သည် ပစ်မှတ်အများအပြားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ပြီး ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာအဝေးနှင့် အမြင့်ပေ ကီလိုမီတာ ၂၀ (၁၂.၅ မိုင်) အထိ ခြိမ်းခြောက်မှုများကို ချေဖျက်နိုင်စွမ်းရှိပါသည်။ စနစ်၏အစိတ်အပိုင်း များကို ထရပ်ကားများပေါ်တွင် တပ်ဆင်ထားသောကြောင့် လျှင်မြန်စွာရွှေ့ပြောင်း နေရာချထားနိုင်ပြီး ဒုံးပစ်လောင်ချာတစ်ခုတွင် ဒုံးကျည် ၈ စင်းအထိ သယ်ဆောင်နိုင် ပါသည်။ ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုစင်တာသည် လေကြောင်းရန်ကာကွယ်ရေးစနစ် များအပြင် လောင်ချာများ၊ ရေဒါများ၊ မီးသတ်ထိန်းချုပ်ရေးပစ္စည်းများ၊ ဒုံးကျည်များ၊ လေ့ကျင့်ရေးနှင့် အသက်ကယ်စက်ပစ္စည်းကိရိယာများအပါအဝင် အခြားသောအထောက်အပံ့ ပစ္စည်းများကိုလည်း ဝယ်ယူလျက်ရှိပါသည်။ ထို့ပြင် သဘောတူညီချက်မူဘောင်သည် အနာဂတ်တွင် တာဝေးပစ်စွမ်းရည်ရှိသည့်စနစ်များအပါအဝင် လေကြောင်းရန်ကာကွယ်ရေး စနစ်များအား အမျိုးမျိုးသောပြုပြင်မွမ်းမံမှုများရရှိရန် အခွင့်အလမ်းများပေးထားသည့် အချက်လည်းပါဝင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment