Politico; Sep-17(Sun)
ပိုလန်၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် ယူကရိန်းနိုင်ငံမှ ကောက်ပဲ သီးနှံများ ၎င်းတို့နိုင်ငံအတွင်းသို့တင်ပို့ခြင်းကို ဆက်လက်ပိတ်ပင်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု Politico သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ ဥရောပကော်မရှင်အနေဖြင့် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ခြင်း ဆိုင်ရာ ပိတ်ပင်တားမြစ်ချက်ကို ရုပ်သိမ်းကြောင်း စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ဥရောပကော်မရှင်နှင့် သဘောတူညီချက်အရ ပိုလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယားတို့သို့ ယူကရိန်းနိုင်ငံမှ ဂျုံနှင့် ပြောင်းတင်ပို့ခြင်းကို ပိတ်ပင်တားမြစ်ခဲ့ပြီး ၎င်းနိုင်ငံများအတွင်းမှ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးကိုသာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။
ယူကရိန်းနိုင်ငံမှ ဈေးနှုန်းသက်သာသည့် ကောက်ပဲသီးနှံများဝင်ရောက်လာ ခြင်းသည် ၎င်းနိုင်ငံများအတွင်းရှိ လယ်သမားများအပေါ် ဆိုးရွားသည့်ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အဆိုပါထိခိုက်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ခြင်းကို ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနတွင် ဖော်ပြထားပါသည်။ ဥရောပကော်မရှင်၏ ယူကရိန်းနိုင်ငံအပေါ် ကောက်ပဲ သီးနှံများတင်ပို့ခြင်းဆိုင်ရာပိတ်ပင်တားမြစ်ချက် ရုပ်သိမ်းခြင်းကို သဘောမတူကြောင်း ပိုလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ရိုမေးနီးယားနိုင်ငံတို့က ထုတ်ပြန်ခဲ့ပါသည်။ ဥရောပကော်မရှင်သည် ၎င်းတို့နိုင်ငံများရှိ လယ်သမားများ၏ အကျပ်အတည်းများကို မျက်ကွယ်ပြုလျက်ရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန် (Viktor Orbán) က တုံ့ပြန်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment