Al Arabiya; Sep-11(Mon)
အမေရိကန်အစိုးရ၏ တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်ရောင်းချမည့် ကိစ္စရပ်သည် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးအပေါ် တူကီယဲ၏ အတည်ပြုချက်နှင့် သီးခြားစီဖြစ်သင့်သည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်၌ ပြုလုပ်ခဲ့သည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
သုံးသပ်ချက်
ဆွီဒင်သည် အမေရိကန်ဦးဆောင်သည့် NATO အဖွဲ့နှင့် နှစ်ပေါင်းများစွာ ရင်းနှီးသည့်မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်ကာ ကြားနေနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့ သော်လည်း ရုရှားက ယူကရိန်းနိုင်ငံအတွင်း စစ်ရေးတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ချိန်တွင် ၎င်း၏ရပ်တည်ချက်ကို ပြောင်းလဲကာ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေး လုပ်ဆောင်ခဲ့ ပါသည်။ ဖင်လန်နှင့်ဆွီဒင်တို့သည် NATO အဖွဲ့ဝင်ဖြစ်ရေးအတွက် အတူတကွကမ်းလှမ်း ခဲ့ခြင်းဖြစ်သော်လည်း တူကီယဲနိုင်ငံက ဖင်လန်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးကိုသာ အတည်ပြုခဲ့ပြီး ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးကိုမူ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ဆွီဒင်နိုင်ငံသည် တူကီယဲနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသည့် ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့အပေါ် ကျောထောက်နောက်ခံပြု ထောက်ပံ့ပေးလျက်ရှိသည့်အပြင် နိုင်ငံအတွင်း လက်ခံထားကြောင်း စွပ်စွဲပြောကြားကာ အထက်ပါအတိုင်း ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်းဖြစ်ပါသည်။ ဆွီဒင်၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးအပေါ် တူကီယဲနိုင်ငံက လပေါင်းများစွာကြာ ကန့်ကွက်ခဲ့ပြီးနောက်တွင် သဘောတူညီရေးအတွက် လွှတ်တော်၌ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင်ပြုလုပ်ခဲ့သည့် NATO အဖွဲ့ ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ ပါသည်။ ထိုကဲ့သို့ သဘောတူညီခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်ကလည်း တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်များ လွှဲပြောင်းပေးရေးအတွက် ကွန်ဂရက်နှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) က ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။
အမေရိကန်၏ အထက်ပါလုပ်ရပ်များအရ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အနေဖြင့် တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်ရောင်းချမည့်ကိစ္စရပ်အား NATO အဖွဲ့သို့ ဆွီဒင်နိုင်ငံဝင်ရောက်ရေးအပေါ် တူကီယဲ၏ သဘောတူခွင့်ပြုချက်အခြေအနေများနှင့် ရောထွေးထားကြောင်း တူကီယဲသမ္မတ အာဒိုဂန်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်အနေဖြင့် တူကီယဲသို့ F-16 တိုက်လေယာဉ်များရောင်းချပေးရေးကို ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေးကိစ္စရပ်နှင့် သီးခြားစီသတ်မှတ်သင့်ကြောင်းနှင့် အမေရိကန်က F-16 တိုက်လေယာဉ်များ လွှဲပြောင်းပေးမည်ဆိုလျှင်ပင် တူကီယဲအနေဖြင့် ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေးကို အတည်ပြုရန်မှာ မလွယ်ကူကြောင်း သမ္မတအာဒိုဂန်က တုံ့ပြန်ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင် တူကီယဲက ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးအပေါ် အတည်ပြုရေးနှင့်ပတ်သက်၍ တိကျသေချာသည့် အချိန်ကာလ သတ်မှတ်မထားသကဲ့သို့ အမေရိကန်အစိုးရကလည်း တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ် လွှဲပြောင်းပေးမည့်အစီအစဉ်ကို လုပ်ဆောင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အမေရိကန်အနေဖြင့် တူကီယဲသို့ F-16 တိုက်လေယာဉ်လွှဲပြောင်းပေးရေးနှင့် ဆွီဒင် နိုင်ငံ၏ NATO အဖွဲ့သို့ဝင်ရောက်ရေးကိစ္စရပ်တို့အား အပေးအယူသဘောမျိုးသတ်မှတ်ကာ တုံ့ပြန်ဆောင်ရွက်မည်ဆိုပါက တူကီယဲနှင့် အမေရိကန်တို့အကြား ဆက်ဆံရေးမပြေလည် မှုများမှာ ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment