Thursday, September 14, 2023

တူကီယဲနိုင်ငံ၏ Roketsan ကုမ္ပဏီသည် Karaok တင့်ဖျက်ပဲ့ထိန်းဒုံးကျည်အား မလေးရှားနိုင်ငံသို့ရောင်းချရန် သဘောတူညီခဲ့ခြင်း

Defensenews; Sep-15(Fri)

တူကီယဲနိုင်ငံ၏ ဒုံးကျည်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Roketsan ကုမ္ပဏီ သည် မလေးရှားနိုင်ငံသို့ Karaok တင့်ဖျက်ပဲ့ထိန်းဒုံးကျည် ၁၀၈ ခု ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း တူကီယဲအစိုးရနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သတင်း အရင်းအမြစ်များက ထုတ်ပြန်ခဲ့သည်ဟု Defensenews သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်သည် Karaok တင့်ဖျက်ပဲ့ထိန်း ဒုံးကျည်စနစ်အား ပထမဆုံးအကြိမ် ပြည်ပသို့ ရောင်းချမည့်အစီအစဉ်ဖြစ်ကြောင်း တူကီယဲအာဏာပိုင်များက ထုတ်ပြန်ထားပါသည်။ ထို့ပြင် မလေးရှားနိုင်ငံသို့ ဒုံးကျည် တင်သွင်းရေးနှင့်ပတ်သက်ပြီး တူကီယဲ၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံကုမ္ပဏီများ အပြိုင်ကြိုးပမ်းခဲ့ရာ တူကီယဲနိုင်ငံမှ Roketsan ကုမ္ပဏီက အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဝယ်ယူရေးဆိုင်ရာအာဏာပိုင်တစ်ဦးက ပြောကြားခဲ့ပါသည်။

Karaok တင့်ဖျက်ပဲ့ထိန်းဒုံးကျည်စနစ်သည် သံချပ်ကာယာဉ်များနှင့် ခိုင်ခံ့သော ကတုတ်ကျင်းများကို ၄ ကီလိုမီတာ (၂.၅ မိုင်) အကွာမှ ပစ်ခတ်ဖျက်ဆီးနိုင်စွမ်းရှိပြီး ပုံရိပ်ဖော်စနစ်များအပါအဝင် အနီအောက်ရောင်ခြည်သုံး လမ်းညွှန်စနစ်များပါရှိပါသည်။ ထို့ပြင် အဆိုပါဒုံးကျည်အချင်းသည် ၁၂၅ မီလီမီတာ၊ အလေးချိန်အားဖြင့် ၁၆ ကီလိုဂရမ် (၃၅ ပေါင်) ခန့်ရှိပြီး တင့်ဖျက်ပစ်ခတ်မှုတွင် နှစ်ဆင့်ကွဲထိပ်ဖူးကျည်တပ်ဆင်ထားသော စနစ်ဖြစ်ကာ တိုက်ရိုက်နှင့် သွယ်ဝိုက်ပစ်ခတ်နိုင်စွမ်းရှိပါသည်။ အထက်ပါသဘောတူ စာချုပ်အရ မလေးရှားနိုင်ငံအနေဖြင့် Karaok ဒုံးကျည် ၆ ခုစီပါဝင်သည့် ဒုံးပစ်လောင်ချာ ၁၈ လက် လက်ခံရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment