Monday, September 13, 2021

ပိုလန်နှင့် ဘောလ်တစ်နိုင်ငံများမှ ဝန်ကြီးများတွေ့ဆုံဆွေးနွေးခဲ့ကြခြင်း

 

News.ERR; Sep-13 (Mon)

              အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ပိုလန်တို့မှ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများသည် လုံခြုံရေးစိန်ခေါ်မှုများနှင့် မူဝါဒများကို ဆွေးနွေးရန် စက်တင်ဘာလ ၁၃ ရက်တွင် လတ်ဗီးယားနိုင်ငံ၌ တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၄ နိုင်ငံဝန်ကြီးများအနေဖြင့် ဒေသတွင်းလုံခြုံရေး၊ ဘီလာရုဇ် နယ်စပ်တစ်လျှောက်ရှိ ရွှေ့ပြောင်းဒုက္ခသည်များအပေါ် ဘီလာရုဇ်အစိုးရက လက်နက် သဖွယ်အသုံးပြုလျက်ရှိမှု၊ ရုရှားနှင့် ဘီလာရုဇ်တို့အကြားပြုလုပ်လျက်ရှိသည့် Zapad 2021 စစ်ရေးလေ့ကျင့်မှု၊ ဇွန်လတွင်ပြုလုပ်ခဲ့သည့် နေတိုးထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် နေတိုးအဖွဲ့၏ မဟာဗျူဟာမြောက်သဘောထားအမြင်များ တိုးတက် လာစေရေးတို့အတွက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ၄ နိုင်ငံ၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ ယခုတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း လတ်ဗီးယား နိုင်ငံခြားရေးဝန်ကြီး အက်ဂါစ်ရန့်ကဲဗစ် (Edgars Rinkevics) က ပြောကြားခဲ့ပါသည်။ ထို့ပြင် Zapad 2021 စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် တိုက်ခိုက်မှုများ၊ သမားရိုးကျနှင့် အခြားခြိမ်းခြောက်မှုများအား ပူးတွဲတုံ့ပြန်နိုင်ရေး တို့ကိုလည်း ၄ နိုင်ငံခေါင်းဆောင်များက ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

              အဆိုပါ Zapad စစ်ရေးလေ့ကျင့်ခန်းသည် ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်မှုများသို့ ဦးတည်လျက်ရှိကြောင်းလည်း အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး အီဗာမာရီယာလီမတ်စ် (Eva-Maria liimets) ကပြောကြားခဲ့ပါသည်။ ရုရှားနှင့် ဘီလာရုဇ်တို့သည် စက်တင်ဘာလ ၉ ရက်မှစတင်၍ နှစ်နိုင်ငံစစ်ဘက်အမှုထမ်းပေါင်း ၂၀၀,၀၀၀ ခန့်နှင့် အခြားသောစစ်လက်နက်ပစ္စည်းများပါဝင်သည့် အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကိုပြုလုပ်လျက်ရှိပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုသည် စက်တင်ဘာလ ၁၆ ရက်အထိ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းသည် နေတိုးတပ်ဖွဲ့၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ယူကရိန်းနိုင်ငံ အတွက်ပါ စိုးရိမ်ပူပန်မှုကိုဖြစ်ပေါ်စေသည့်အတွက် စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် မည်သည့်ပြည်ပနိုင်ငံ များကိုမှ တိုက်ခိုက်သွားရန်ရည်ရွယ်ခြင်းမဟုတ်ဘဲ ရုရှားနှင့်မဟာမိတ်နိုင်ငံများ၏ နယ်စပ်အနီး NATO အဖွဲ့၏လှုပ်ရှားမှုများအပေါ် တုံ့ပြန်သွားရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း  ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က တုံ့ပြန်ပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။

No comments:

Post a Comment