Monday, October 25, 2021

တူရကီသမ္မတသည် အနောက်နိုင်ငံများမှ သံအမတ် ၁၀ ဦးနှင်ထုတ်မည့် ကြေညာချက်အားပြန်လည်ရုပ်သိမ်းခဲ့ခြင်း

 

Xinhua; Oct-26 (Tue)

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် နိုင်ငံအတွင်း၌ အကျဉ်းချခံထားရသော တက်ကြွလှုပ်ရှားသူစီးပွားရေးလုပ်ငန်းရှင် တစ်ဦးအား ပြန်လည်လွှတ်ပေးရန် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည့် အနောက်နိုင်ငံ များ၏ သံအမတ် ၁၀ ဦးအား နိုင်ငံအတွင်းမှနှင်ထုတ်သွားမည်ဟူ၍ ခြိမ်းခြောက် ကြေညာမှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက်တွင် အဆိုပါကြေညာချက်အား အောက်တိုဘာလ ၂၅ ရက်၌ ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။ အိမ်ရှင်တူရကီနိုင်ငံ၏ ပြည်တွင်းရေးရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ပြဋ္ဌာန်းထားသည့် သံတမန်ရေးရာ သဘောတူညီချက်ကို လေးစားလိုက်နာသွားမည်ဟူသော အနောက်နိုင်ငံသံရုံးများ၏ ကြေညာချက်အသစ်တစ်စောင်အား အာဒိုဂန်က လက်ခံကြိုဆိုခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့် ပဋိပက္ခများကိုမဖြစ်ပေါ်စေလိုဘဲ လေးစားလိုက်နာမှု၊ ဂုဏ်သိက္ခာရှိမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သွားရန်အတွက် သာရည်ရွယ်ခြင်းဖြစ်ကြောင်း အာဒိုဂန်ကပြောကြားခဲ့ပါသည်။ အနောက်နိုင်ငံများ၏ ကြေညာချက်တွင် တူရကီနိုင်ငံအပေါ် ပုတ်ခတ်ပြောဆိုနေမှုများအား ပြန်လည်ရုပ်သိမ်း သွားခဲ့ပြီး ၎င်းတို့အနေဖြင့် ယခုအချိန်မှစ၍ ပိုမိုဂရုပြုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံ၏ တရားစီရင်ရေးအဖွဲ့ဝင်များအပေါ် လေးစားမှုမရှိသည့် လုပ်ရပ်များ အတွက် လိုအပ်သောတုံ့ပြန်မှုများဆောင်ရွက်ခြင်းသည် နိုင်ငံတော်အကြီးအကဲတစ်ဦး၏ တာဝန်ဖြစ်ကြောင်း အာဒိုဂန်ကပြောကြားခဲ့ပါသည်။ အမေရိကန်အပါအဝင် အခြား သံရုံးများသည် အောက်တိုဘာလ ၂၅ ရက်တွင် အလားတူကြေညာချက်များကို ထုတ်ပြန်ခဲ့ပြီး အိမ်ရှင်နိုင်ငံ၏ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တားမြစ်ထားသည့် ကုလသမဂ္ဂသဘောတူညီချက်ကို လေးစားလိုက်နာသွားနိုင်မည်ဖြစ် ကြောင်းဖော်ပြခဲ့ပါသည်။ အိုစမန်ကာဗာလာ (Osman Kavala) လွတ်မြောက်ရေး အတွက် အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေနှင့် ဆွီဒင်တို့သည် အောက်တိုဘာ ၁၈ ရက်တွင် ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ ၁၀ နိုင်ငံမှ သံတမန်များအား နိုင်ငံအတွင်းမှ နှင်ထုတ်သွားမည်ဟု အာဒိုဂန်ကအောက်တိုဘာလ ၂၁ ရက်၌ ပြန်လည်ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment