Monday, February 7, 2022

တူရကီသမ္မတနှင့် NATO အထွေထွေအတွင်းရေးမှူးချုပ်တို့သည် ရုရှား-ယူကရိန်း အရေးကိစ္စနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

inhua; Feb-8(Tue)

    တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ် (Jens Stoltenberg) တို့သည် ဖေဖော်ဝါရီလ ၇ ရက်တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ အထူးသဖြင့် ရုရှားနှင့် ယူကရိန်းအကြား တင်းမာမှုများနှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် ရုရှားနှင့် ယူကရိန်းအကြား တင်းမာမှုများလျော့ကျစေရန်အတွက် ကြားဝင်ဖျန်ဖြေမှုများ လုပ်ဆောင်နေစဉ်အတွင်း အထက်ပါဖုန်းခေါ်ဆိုမှု ထွက်ပေါ် ခဲ့ခြင်းဖြစ်ပါသည်။ ဆွေးနွေးမှုအတွင်း သမ္မတ အာဒိုဂန်သည် ၎င်းအနေဖြင့် တင်းမာမှု များလျော့ကျစေရန်ရည်ရွယ်၍ ချင့်ချိန်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စတိုတန်ဘတ် အား ပြောကြားခဲ့ကြောင်း တူရကီသမ္မတရုံး၏ထုတ်ပြန်ချက်၌ ဖော်ပြခဲ့ပါသည်။

    မင့်စ်ခ် (Minsk) သဘောတူညီချက်မူဘောင်အတွင်း ယူကရိန်းနိုင်ငံ၏ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံတကာဥပဒေအပေါ်အခြေခံ၍ ရုရှား-ယူကရိန်းအကျပ်အတည်း အား သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာအဆုံးသတ်လုပ်ဆောင်သင့်ကြောင်းနှင့် ရုရှားနှင့် ယူကရိန်းနိုင်ငံခေါင်းဆောင်များပါဝင်သည့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်အား လက်ခံကျင်းပ လိုကြောင်း သမ္မတ အာဒိုဂန်က အလေးပေးပြောကြားခဲ့ပါသည်။ လက်ရှိတွင် ယူကရိန်း နိုင်ငံအပေါ် တူရကီနိုင်ငံ၏ ကူညီထောက်ပံ့ပေးမှုအား ကြိုဆိုထောက်ခံကြောင်းနှင့် NATO အဖွဲ့အနေဖြင့် ဆွေးနွေးပွဲများကျင်းပသွားရန်အသင့်ရှိကြောင်း စတိုတန်ဘတ်က ပြန်လည်ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် သမ္မတ အာဒိုဂန်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) နှင့် ယူကရိန်းနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး ရုရှားနှင့်ယူကရိန်းအကြား စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရန် အဆိုပြုပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment