Greekcitytime; Mar-25 (Fri)
ဂရိနိုင်ငံသည် အိမ်နီးချင်းတူရကီနိုင်ငံနှင့်တင်းမာမှုများဖြစ်ပွားနေမှုကို တုံ့ပြန် နိုင်ရန်အတွက် ၎င်း၏စစ်ဘက်အား ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ ပြင်သစ်နိုင်ငံမှ ဖရီးဂိတ်စစ်သင်္ဘော ၃ စီးနှင့် နောက်ထပ် Rafale တိုက်လေယာဉ် ၆ စီး ဝယ်ယူရန် ယူရို ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ) တန်ဖိုးရှိ သဘော တူညီချက်များကို မတ်လ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဖလောရန့်ပါလီ (Florence Parly) သည် ဂရိနိုင်ငံရှိ ရေပေါ် ပြတိုက်တစ်ခု၌ ကျင်းပသော ဂရိအမျိုးသားနေ့အကြို အခမ်းအနားသို့ ဂရိကာကွယ်ရေး ဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikolaos Panagiotopoulos) နှင့်အတူ တက်ရောက်ခဲ့စဉ် အထက်ပါအတိုင်း သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ပါလီ၏ အဆိုပါခရီးစဉ်သည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားမှုများကို တုံ့ပြန်ရန်အတွက် မြေထဲပင်လယ်၌ NATO ရေတပ်ဖွဲ့များ တိုးမြှင့်တပ်ဖြန့်ချထားမှုနှင့်တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။
FDI အတန်းအစား ပြင်သစ်ဖရီးဂိတ်စစ်သင်္ဘော ၃ စီးကို ပြင်သစ်နိုင်ငံ အနောက်ပိုင်း၊ လောရမ့် (Lorient) မြို့ရှိ Naval Group ကုမ္ပဏီမှ တည်ဆောက်မည် ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ဂရိနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပါသည်။ နှစ်နိုင်ငံ စစ်ဘက်အကြား လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်၌ နောက်ပိုင်းကာလ များတွင် စတုတ္ထမြောက် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးကိုဝယ်ယူရန် ရွေးချယ်ခွင့့်လည်း ပါဝင်ပါသည်။ Rafale တိုက်လေယာဉ် ၆ စီးအား ပြင်သစ်နိုင်ငံ Dassault Aviation လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်သွားမည်ဖြစ်ပြီး ဂရိစစ်ဘက်အနေဖြင့် အစောပိုင်းကာလများတွင် Rafale တိုက်လေယာဉ် ၁၈ စီးအား မှာယူထားရှိပြီးဖြစ်ပါသည်။ မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့စူးစမ်းရှာဖွေရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်အတွင်း တူရကီနှင့် ဂရိတို့အကြား ရေတပ် ဆိုင်ရာတင်းမာမှုများတွင် ပြင်သစ်နိုင်ငံအနေဖြင့် ဂရိနိုင်ငံဘက်မှ ထောက်ခံရပ်တည် ပေးခဲ့ပါသည်။ ဂရိနှင့် ပြင်သစ်ခေါင်းဆောင်များသည် နှစ်နိုင်ငံတပ်ဖွဲ့များအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်ပါဝင်သည့် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ အကူအညီပေးရေးသဘောတူစာချုပ်တစ်ရပ်ကို ၂၀၂၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ် (Paris) မြို့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment